အယူအဆ၊အစွဲကိုပြောင်းလဲပါ။



လူတွေဟာ ငယ်စဉ်ကတဲက မိဘ၊ ဆွေမျိုး၊ ကျောင်းက ဆရာ၊ဆရာမတွေရဲ့ သွန်သင်ဆုံးမမှုအောက်မှာ ကြီးပြင်းလာခဲ့ရတယ်။ သူတို့ အမြဲကြားနေရတဲ့ သွန်သင်ဆုံးမမှုတခုကတော့ “သားလေး စာကောင်းကောင်းကြိုးစားနော်။ ၁ဝတန်းအောင်ပြီး ဘွဲ့တခုရအောင်လုပ်၊ ဘွဲ့ရပြီးရင် လစာကောင်းကောင်းနဲ့ ထိုင်စားလို့ရပြီ”တဲ့။ ငယ်စဉ်ကတဲက အဲဒီစကားကို ကြိမ်ဖန်များစွာ ကြားနေခဲ့ရတဲ့ကလေးဟာ သူ့ခေါင်းထဲမှာ ကြီးလာရင် လခစားအလုပ်ပဲလုပ်ဖို့ အစွဲတခုဖြစ်သွားပြီ။ အဲဒီအစွဲကနေ ဖေါက်ထွက်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ဆိုတာကို မလုပ်ရဲတော့ဘူး။ မစွန့်စားရဲတော့ဘူး။
လူတွေမှာ နောက်ထပ်အစွဲတခုရှိသေးတယ်။ ငယ်စဉ်က သုံးခဲ့တဲ့တယ်လီဖုံးနဲ့မိုဘိုင်းဖုံးတွေဟာ နံပါတ်၊ဂဏန်းရိုက်ထားတဲ့ Keypad တွေနဲ့ပါ။ Appleကုမ္ပဏီက ထုတ်လိုက်တဲ့ iPhone ထွက်လာတော့ လူတွေက ဘယ်လိုဟာကြီးလဲ။ Keypad လဲမပါတော့ ဘယ်လိုသုံးရမှန်းမသိဘူး။ ဘယ်သူက ဝယ်မှာလဲလို့ ပြောကြတယ်။ ဟော အခုတော့ အဲဒီ Keypad ပါတဲ့ မိုဘိုင်းဖုံးမျိုး မြင်တွေ့ကြရသေးလား။ သဘောပြောချင်တာက လူတွေဟာ တသက်လုံးမြင်တွေ့ခဲ့တာတွေကနေ ခွဲထွက်လာတာမျိုးကိုလွယ်လွယ်နဲ့ လက်မခံချင်ကြဘူး။ အစွဲကို မဖျောက်နိုင်ကြတာပါ။ အစွဲ၊အမြင်၊အယူအဆကို အင်္ဂလိပ်လို Mindset လို့ခေါ်ပါတယ်။
ဒါပေမဲ့ အောင်မြင်ကြီးပွားသူတွေကတော့ အဲဒီလို အစွဲမျိုးကနေ ခွဲထွက်ပြီး ရှုမြင်ပုံကို ပြောင်းလဲတတ်ကြတယ်။ အများတကာ မြင်တွေ့နေကြတာထက်ပိုပြီး ထူးထူးခြားခြားမြင်တတ်ကြတယ်။ အများလူတကာလုပ်တာတွေနဲ့ မတူတာတွေ လုပ်တတ်ကြတယ်။ သူတို့ဟာ လူတွေက ထူးရင်ထူး၊ မထူးရင် အရူးလို့ သမုတ်တာခံကြရတယ်။
ရှုးဖိနပ်ရောင်းတဲ့ကုမ္ပဏီတခုဟာ သူတို့ရဲ့ရှုးဖိနပ်တွေကို ကြော်ငြာဖို့ အရောင်းကိုယ်စားလှယ်တယောက်ကို ကျွန်းတကျွန်းဆီကို စေလွှတ်လိုက်တယ်။ တပါတ်ကြာတော့ အရောင်းကိုယ်စားလှယ်ဟာ ကုမ္ပဏီကို ပြန်ရောက်လာတယ်။ သူက ကျွန်းပေါ်မှာ ရှုးဖိနပ်ရောင်းဖို့ မဖြစ်နိုင်ဘူးတဲ့။ ဘာလို့လဲဆိုတော့ အဲဒီကျွန်းပေါ်ကလူတွေဟာ ဖိနပ်လုံးဝမစီးကြဘူးတဲ့။ ဒါနဲ့ ကုမ္ပဏီက နောက်အရောင်းကိုယ်စားလှယ်တယောက်ကို အဲဒီကျွန်းကိုပဲ ထပ်စေလွှတ်ပြန်တယ်။ အဲဒီ ကိုယ်စားလှယ်လဲ တပါတ်အကြာပြန်ရောက်လာပြီး ကုမ္ပဏီကို အခုလိုပြန်ပြောပြတယ်။ ကျွန်းတကျွန်းလုံးက လူတွေဟာ ဖိနပ်မစီးကြလို့ သူတို့ကိုဖိနပ်စီးတတ်အောင်သင်ပေးလိုက်ရင် တကျွန်းလုံးဖိနပ်ဝယ်စီးကြမှာမို့ ဖိနပ်စျေးကွက်အကြီးကြီး တွေ့နေရပြီတဲ့။ ပထမအရောင်းကိုယ်စားလှယ်က လူအတော်များများမှာ ရှိကြတဲ့အမြင်၊အစွဲမျိုးပါ။ ဒုတိယလူကတော့ သူများတွေမြင်တာမျိုးကနေ ခွဲထွက်မြင်တတ်သူပါ။
တကယ်လို့သာ လူတွေရဲ့ရှေးရိုးစွဲအတွေးဖြစ်တဲ့ ကမ႓ာကြီးကနေ မိုင်သန်းပေါင်းများစွာ အကွာအဝေးမှာရှိတဲ့လကမ႓ာကို ဘယ်လိုမှ မရောက်နိုင်ဘူးဆိုတဲ့ အစွဲ၊အယူအဆကနေ ဖေါက်ထွက်စဉ်းစားနိုင်တဲ့လူတွေ၊ သိပ္ပံပညာရှင်တွေမပေါ်ခဲ့ရင် ယနေ့အထိ လကမ႓ာကို ရောက်ကြအုံးမှာ မဟုတ်ပါဘူး။ အခုတော့ လကမ႓ာကိုသာမက တခြားဂြိုဟ်တွေကိုပါ သွားရောက်စူးစမ်းလေ့လာမှုတွေ လုပ်နေကြပြီ။ ထိုနည်းတူ အဲဒီလို မဖြစ်နိုင်ဘူးဆိုတဲ့အစွဲ၊ အယူအဆတွေကိုသာ ဆက်လက်ဆုပ်ကိုင်ထားကြမယ်ဆိုရင် ယနေ့လူတွေဟာ မြင်းလှည်း၊ နွားလှည်း၊ ရွက်သင်္ဘောတွေနဲ့ပဲ ခရီသွားနေကြရပြီး ခရီးသွားတဲ့အချိန်တွေ အများကြီး ကုန်နေအုံးမှာပါ။ အစွဲဟောင်းတွေကနေ ခွဲထွက်လုပ်ရဲသူတွေကြောင့်သာ ယနေ့ခေတ်မှာ မော်တော်ကား၊ မီးရထား၊ သင်္ဘောနဲ့ ဂျက်လေယဉ်တွေနဲ့ အချိန်ကုန်သက်သာစွာနဲ့ ခရီးသွားလာနိုင်ကြပြီလေ။
အစောပိုင်းက စကားကိုပြန်ဆက်ရအောင်။ ကျောင်းတက်၊ ၁ဝတန်းအောင်၊ ဘွဲ့ရ၊ လခစားလုပ်ဖို့ အကြိမ်ကြိမ်ကြားနေခဲ့တဲ့ကလေးဟာ အရွယ်ရောက်လာတော့ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ မစဉ်းစားတော့ဘူး။ မစွန့်စားရဲတော့ဘူး။ ဒီလိုနဲ့ တသက်လုံး မလောက်မင လစာလေးနဲ့ မိသားစုစားသောက်နေကြရပြီး အသက်ကြီးလို့ ပင်စင်ယူလိုက်တော့ မဖြစ်စလောက်ပင်စင်လစာလေးနဲ့ပဲ ဘဝကို နိဂုံးချုပ်သွားရတယ်။ လူဖြစ်လာပြီး တသက်လုံးသူများအခိုင်းခံဘဝနဲ့ပဲ နေသွားရတာ ဝမ်းနဲစရာမကောင်းပေဘူးလား။
ကဲ ကောင်းပါပြီ။ ဒါဆိုရင် အောင်မြင်ကြီးပွားချင်လို့ လူအများတွေးသလို သမရိုးကျမတွေးပဲ အတွေးသစ် အမြင်သစ်တွေရအောင် ဘယ်လိုလုပ်ရမလဲလို့မေးချင်နေမှာပါ။ အဓိက တခွန်းထဲနဲ့ဖြေရရင် “စာဖတ်ပါ”။ ဒါပဲ။ ဘယ်လိုစာမျိုးဖတ်ရမှာလဲ။ စာပေါင်းစုံ ဖတ်လို့ရပါတယ်။ ပုံပြင်၊ ဝတ္ထု၊ ဆောင်းပါး၊ မဂ္ဂဇင်း၊ စာစောင်နဲ့ အထ္ထုပ္ပတိအကုန်ဖတ်လို့ရတယ်။ စာဖတ်တာနဲ့ အတွေးအခေါ်၊ အယူအဆပြောင်းလဲသွားတာနဲ့ ဘာဆိုင်လို့လဲလို့ အထွန့်တက်မေးချင်ပါလိ်မ့်မယ်။ အရမ်းကို ဆိုင်ပါတယ်။ စာအုပ်ပေါင်းစုံကနေ စာရေးသူအမျိုးမျိုးတို့ရဲ့ အတွေးအခေါ်၊ အယူအဆ၊ ခံစားချက်တွေကို သိရတဲ့အခါ စာဖတ်သူမှာ အတွေးအခေါ်၊ အယူအဆအသစ်တွေသိလာတယ်။ ဒါ့အပြင် မိမိတသက်လုံးစိတ်ထဲမှာရှိနေခဲ့တဲ့ အစွဲ၊ အယူအဆ၊ အမြင်တွေ တချို့ဟာ မှားနေမှန်းသိလာပါလိမ့်မယ်။ တတ်နိုင်ရင် မြန်မာလိုရေးထားတဲ့ စာအုပ်ချည်းပဲမဟုတ်ပဲ အင်္ဂလိပ်စာအုပ်တွေလဲဖတ်ပါ။ အင်္ဂလိပ်စာအုပ်တွေကို အထင်ကြီးလို့ပြောတာ မဟုတ်ပါ။ ကမ႓ာကို ထိုးဖေါက်နိုင်မဲ့အတွေးအခေါ်၊ အမြင်အသစ်အဆန်းတွေရအောင်လို့ပါ။
အာရှမှာ အချမ်းသာဆုံးသူဋ္ဌေးကြီး လီကာရှင်းဟာ ငယ်စဉ်က ပလတ်စတစ်စက်ရုံတခုမှာ တနေ့ကို ၁၆နာရီအထိ အလုပ်လုပ်ပြီး သူ့အမေနဲ့မောင်နှမတွေကို ရှာကျွေးခဲ့ရတယ်။ အဲဒီအလုပ်က ရတဲ့လုပ်ခလေးတွေထဲက တချို့ကိုစုထားတယ်။ ပိုက်ဆံအတော်စုမိတော့ ပလတ်စတစ်စက်ရုံလေးတခု ထောင်လိုက်တယ်။ စက်ရုံလေးကနေ ပလတ်စတစ်နဲ့လုပ်တဲ့ အရုပ်၊ ခြင်းတောင်း၊ ဘူးလေးတွေ ထုတ်တယ်။ ရတဲ့အမြတ်က မိသားစုစားလောက်ရုံပါပဲ။
လီကာရှင်းဟာ စာအလွန်ဖတ်သူတယောက်ဖြစ်တယ်။ ငယ်ကတဲက စာအုပ်မျိုးစုံ၊ စာစောင်၊မဂ္ဂဇင်းမျိုးစုံကို ဖတ်တယ်။ တနေ့မှာ နိုင်ငံတကာကစီးပွားရေးအကြောင်းတွေရေးတဲ့ မဂ္ဂဇင်းတစောင်ရဲ့ဆောင်းပါးတပုဒ်ကို ဖတ်လိုက်ရတယ်။ ဆောင်းပါးမှာ အခု အီတလီနိုင်ငံက အိမ်တွေမှာ ပလတ်စတစ်ပန်းတွေနဲ့ အိမ်ခန်းကို အလှဆင်တာတွေ ခေတ်စားနေတယ်တဲ့။ လီကာရှင်းဟာ အဲဒီသတင်းကို ဖတ်ပြီးတာနဲ့ သူ့စက်ရုံက ထုတ်နေကျအရုပ်၊ ခြင်းတောင်း၊ ဘူးတွေကို ရပ်လိုက်ပြီး ပလတ်စတစ်ပန်းမျိုးစုံ ထုတ်ပြီး အီတလီနိုင်ငံကို ပို့တယ်။ အဲဒီလုပ်ငန်းကနေ အမြတ်အစွန်းအများကြီး ရလိုက်တယ်။ စာဖတ်တော့ အတွေးသစ် အကြံသစ်ရလိုက်တာပေါ့။
ပန်းအိုးလေးတခုမှာ စိုက်ထားတဲ့အရွက်စိမ်းစိုနေပြီး ပန်းတွေပွင့်နေတဲ့ ပန်းပင်လေးတပင်ကို  ကြည့်ပါ။ အဲဒီပန်းပင်လေးကို လူက ဂရုတစိုက်ရေမလောင်းပေးဘူး။ မြေသြဇာထဲ့မပေးဘူး။ နေရောင်ခြည်ရအောင် လုပ်မပေးဘူးဆိုရင် ဘာဖြစ်သွားမလဲ။ ပန်းပင်လေးဟာ တဖြည်းဖြည်းခြောက်သွေ့ပြီး သေသွားမှာပေါ့။ ထို့နည်းတူပါပဲ။ လူတွေဟာလဲ ဦးနှောက်ကို ခွန်အားဖြည့်ပေးမဲ့ စာဖတ်ခြင်းမလုပ်ရင် လူဟာသေမသွားပေမဲ့ အကြံတုန်း ဉာဏ်တုံးတယောက်ဖြစ်သွားမှာပါ။ အကြံဥဏ်တုံးနေတဲ့လူဟာ ဘယ်မှာ သူများတွေထက်သာတဲ့ ကောင်းတဲ့အကြံဉာဏ်တွေ ရနိုင်ပါ့မလဲ။ အကြံဥဏ်ကောင်းမရှိသူဟာ ဘယ်လိုမှ အောင်မြင်ကြီးပွားသူတယောက်ဖြစ်မလာနိုင်ပါဘူး။ သူတိုဟာ မိမိရှေ့မှာ ဘွားဘွားကြီးပေါ်နေတဲ့ အခွင့်အလမ်းကို မမြင်တတ်ကြပါဘူး။
စာမတတ်သူဟာ အကန်းနဲ့တူတယ်တဲ့။ စာမဖတ်သူဟာလဲ စာမတတ်သူနဲ့ အတူတူပဲမို့ သူလဲအကန်းတယောက်ပါပဲလေ။
နောက်ဆုံးအနေနဲ့ ထပ်ပြောပါမယ်။ အောင်မြင်ကြီးပွားချင်ရင် သူများထက်သာတဲ့အတွေးအမြင်ရှိဖို့ လိုပါတယ်။ အဲဒီအတွေးအမြင်တွေရဖို့ စာဖတ်ဖို့လိုတယ်။ ကမ႓ာပေါ်မှာ အောင်မြင်ကြီးပွားနေသူတွေဟာ စာအရမ်းဖတ်ကြသူတွေဖြစ်ကြပါတယ်။
မှတ်ချက်။ ရေးနေဆဲစာအုပ်ဖြစ်တဲ့ "အောင်မြင်ကြီးပွားဖို့ဆိုတာ၊သိရင်မခက်ပါ" ထဲက စာမြည်းလေးတပုဒ်ပါ။
Credit to ဗန်းမော်သိန်းဖေ

No comments