အခွန်မပေးနိုင်လို့ ငါးပိချက်ပန်းကန် သိမ်းတဲ့ခေတ်


ခေါင်းစဉ်ကို ကြည့်ပြီး ရယ်စရာလို့ထင်သွားသလား။ ဒါဟာ တစ်ချိန်ကတကယ်ပဲ မြန်မာပြည်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေပါ။ ခုခေတ်နဲ့ ဘာမှ မဆိုင်တော့ပေမယ့် ဗဟုသုတ အနေနဲ့တင်ပြလိုက်ခြင်းပါ။

ခေတ်ကတော့ ကိုလိုနီခေတ်မှာပါ။ နယ်ချဲ့အင်္ဂလိပ်တို့ဟာ စတီးဘရားသား၊ အင်ဂလိုဘားမား စသော ကုမ္ပဏီကြီးများဟာ ဆန်စပါးရောင်းဝယ်ရေးအဖွဲ့ဖြင့် မြန်မာ့စီးပွားရေးကို အသေသတ်ခဲ့ကြပါတယ်။ ဆန်စပါးများကို ဈေးနှိမ်ဝယ်ခဲ့ကြပါတယ်။ ဆရာစံတော်လှန်ရေး မတိုင်မီ စပါးတင်း ၁ဝဝ လျှင် ၂၂၅ ကျပ်မှ တင်း ၁ဝဝ လျှင် ၅၅ ကျပ်အထိ ၅ဆ နီးပါး အထိထိုးကျသွားခဲ့ပါတယ်။

အောက်ဆုံးထိုးဆင်းသွားတဲ့ စီးပွားရေးကြောင့် မြန်မာ့လယ်သမားများခင်မျာ ချစ်တီးကုလားတို့ရဲ့အကြွေးမပေးနိုင်သလို အင်္ဂလိပ်အစိုးရ ရဲ့ အခွန်များကိုလည်း မဆောင်နိုင်တော့ပါ။ ထို့အခါ ချစ်တီးတို့က လယ်မြေကိုသိမ်း၏ ၊ အိမ်ကိုသိမ်း၏ ။ အစိုးရကလည်း အခွန်မဆောင်နိုင်တော့သော လယ်သမားတို့၏ ထွန်တုံး ၊ ကျွဲ ၊ နွား များသိမ်းယူခဲ့ကြ၏ ။ နောက်ဆုံးသိမ်းစရာမရှိသောအခါ စားသောက်ဖွယ်ရာများ နှင့် အိုးခွက်ပန်းကန်များကိုပါ ဝရမ်းထုတ်သိမ်းယူခဲ့ကြပါတယ်။

ဥပမာပြောရရင် ထိုစဉ်က ပြည်ခရိုင် ၊ မှော်ဇာမြို့အပိုင် မဲလောင်ရွာနေ ဦးဝင်း နှင့် ဇနီး ဒေါ်ရွှေမြ တို့အား လူခွန်မပေးနိုင်ခဲ့၍ အရေးပိုင်ဦးမှဲ့က ကွမ်းသီး ၁၈ လုံး ၊ ဆီ ၁၉ ကျပ်သား ၊ နှမ်းပျစ်မုန့် ၁၉ ခု ၊ ငြုပ်သီး ၂၂ ကျပ်သား ၊ အုန်းဆီ ၁၆ ကျပ်သား ၊ ကရေကရာ မုန့် ၆ တုံး ၊ကြာဇံ ၂ စည်း ၊ ပုဇွန်ခြောက် ၁၂ ကျပ်ခွဲသား ၊ ငါးချဉ် ၃ ပိသာ နှင့်၅ ကျပ်သား ၊ မီးခြစ် ၅ ထုတ် ၊ ကြက်သွန်ဖြူ ၁၇ ကျပ်ခွဲသား ၊ လက်ဖက်ခြောက် ၁ ပဲသားကို သိမ်းယူခဲ့သည် ဟု မှတ်တမ်းတင်ခဲ့သောစာရင်းအရ သိရပါတယ်။

ပေါင်းတည် မြို့က ဦးဘိုးရွှေမှာလည်း လယ်ထွန်တုံး ၊ ထမင်းပန်းကန်ပြား ၃ ချပ် ၊ ကြေးဇွန်း ၂ ချောင်း ၊ ငါးပိချက်ပန်းကန် တစ်လုံး နှင့် ဟင်းရွက်ပြုတ်ရည် ထည့်ထားသောမျှောခွက်ငယ် တစ်ခုတို့ကို အသိမ်းခံခဲ့ရပါတယ်။

တစ်ချိန်က မြန်မာ့လယ်သမားတို့ရဲ့ တကယ့်အဖြစ်အပျက်ပါပေ…

No comments