အဖြစ်ကဒီလိုပါ ဟိုတစ်နေ့က ကျွန်တော့်ရဲ့ သုံးနှစ်အရွယ်သားကို သူလိုချင်တဲ့အရုပ်ကိုမဝယ်ပေးနိုင်တဲ့အကြောင်းပြောပြတော့ သားက ဖေဖေပိုက်ဆံအိတ်ထဲကပေးလိုက်လို့ရတယ်လို့ဆိုပါတယ်။ ပိုက်ဆံအိပ်ထဲမှာမရှိဘူးဆိုတော့ ဖေဖေဘဏ်ကိုသွားလိုက် သူတို့ထုပ်ပေးလိမ့်မယ်လိုထပ်ပြောပါတယ်။ ကျွန်တော်သဘောပေါက်လိုက်ပါတယ် သားကိုငွေဘယ်ကရတယ်ဆိုတာကိုရှင်းပြဖို့ အချိန်တန်နေပြီဆိုတာကိုပါ။ တကယ်တော့ ကလေးတွေ ငွေကြေးနဲ့ပတ်သတ်တဲ့ အလေ့အကျင့်ကောင်းတွေရှိဖို့ဆိုတာ မိဘကသင် ပေးရမှာပါလို့ Kids, Wealth, and Consequences ဆိုတဲ့စာအုပ်ကိုရေးသားခဲ့သူ Jayne Pearl ကဆိုပါတယ်။ New York Times ရောင်းအားအကောင်းဆုံးစာအုပ်ဖြစ်တဲ့ Get a Financial Life စာအုပ်ကိုရေးသားခဲ့တဲ့ Beth Kobliner ကဆိုတာကတော့ ကလေးအသက်၃နှစ်လောက်ကစပြီး စုဆောင်တယ်၊သုံးတယ်ဆိုတဲ့ငွေကြေးနဲ့ဆိုင်တဲ့သဘောတရာတွေကိုစတင်ရင်နှီးနေပါပြီတဲ့။ University of Cambridge ကပြုလုပ်တဲ့စစ်တမ်းတစ်ခုအဆိုအရလည်း ငွေကြေးနဲ့ဆိုင်တဲ့အလေ့အကျင့်တွေဟာ အသက်ရနှစ် လောက်ကစပြီးဖြစ်ပေါ်စေပါတယ်လိုဆိုပါတယ်။ အဲဒီ့အတွက်မိဘတွေအနေနဲ့ ငယ်စဉ်ကတည်းကငွေကြေးနဲ့ပတ်သတ်ပြီး သင်ကြားပေးသင့်တဲ့အရာတွေကိုသင်ကြားပေးခြင်းဟာသင့်ကလေးဘဝရှေ့ရေးအတွက်အလွန်အကျိုးရှိစေပါတယ်။ မိဘဆိုတာလက်ဦးဆရာတွေပါ သင့်ကလေးရဲ့ငွေကြေးနဲ့ဆိုင်တဲ့အပြုအမူကောင်းတွေကိုငယ်စဉ်ကတည်းက လေ့ကျင့်ပြုစုပျိုးထောင်ပေးမယ်ဆို နောင်တစ်ခေတ်မှာသင့်ကလေးဟာ သတိရှိရှိသုံးစွဲတတ်တဲ့သူ၊ အမျှော်အမြင်ရှိရှိ ရင်နှီးမြုပ်နှံတတ်သူ၊ စုဆောင်တတ်သူ၊ ဝေမျှတတ်သူလေးတွေအဖြစ်မွေးထုတ်ပေးလို့ရတယ်လို့ Beth Kobliner ကပြောပါတယ်။ ကဲဘယ်ကနေဘယ်လိုကိုယ့်ကလေးကိုစသင်ပေးရမှန်းမသိဖြစ်နေသူတွေအတွက် Jayne Pearl ကနည်းလမ်းကောင်းလေးတွေကို ဝေမျှပေးထားပါတယ်။ အောက်မှာဖော်ပြမဲ့နည်းတွေကတော့ ကလေးငယ်တွေအတွက် အရေးကြီးဆုံးသင်ကြားပေးရမဲ့ ငွေအကြောင်းသင်ခန်းစာတွေနဲ့ သင်ကဘယ်လိုသင့်ကလေးကိုကူညီပေးနိုင်မဲ့နည်းလမ်းတွေပါပဲ။ . သင်ခန်းစာ - ၁။ ငွေဆိုတာ ပဒေသာပင်ကရတာမဟုတ်ပါ။ ------------------------------------------------------------. မိဘပိုက်ဆံအိတ်ထဲကထွက်လာတဲ့ငွေတွေ၊ ဘဏ်တို့၊ ATMတို့ကထွက်လာတဲ့ငွေတွေဟာ အကန့်အသတ်ရှိတယ်ဆိုတာကို သင့်ကလေးကသိချင်မှသိပါလိမ့်မယ်။ ငွေဆိုတာအလကားမရဘူး၊ အလုပ်လုပ်မှရလာတာဆိုတာကိုရှင်းပြပေးပါ။ သင့်ကလေးကို ငွေကြေးပေးတဲ့ နေရာမှာ သူတို့ရဲ့အပြုအမူကောင်းတွေ၊တာဝန်ကျေပွန်မှုတွေအပေါ်ကနေခံစားခွင့်ရတယ်ဆိုတာလေ့ကျင့်ပေးပါ။ . ဘဏ်ဆိုတာဟာ လည်းငွေကိုလုံခြုံစွာသိမ်းထားတဲ့နေရာဆိုတာကိုရှင်းပြပေးပါ။ တစ်နေနေရာကိုသွားတိုင်း သူတို့ကိုအမြဲတစ်ခုခု ဝယ်ပေးနေမှာမဟုတ်ဘူးဆိုတာကိုစောစောစီးစီးရှင်းပြထားသင့်ပါတယ်။ မိဘကဘာကြောင့်စျေးဝယ်တဲ့နေရာကိုရောက်နေရ တယ်၊ အခုဘာလာဝယ်တယ်ဆိုတာကို အတိအကျပြောပြရှင်းပြပေးပါ။ ဒါဆိုကလေးကလည်းအမြဲတမ်း သူတို့လိုချင်တာဝယ်လို့ မရဘူးဆိုတာကိုသိလာပါလိမ့်မယ်။ . သင်ခန်းစာ - ၂။ ချင့်ချိန်တိုင်းဆမျှတသုံးစွဲ။ -------------------------------------------. သင့်ကလေးရဲ့ ငွေအသုံးကိုစီမံတတ်ဖို့အကောင်းဆုံးနည်းက သူတို့ကိုယ်တိုင်ပေးသုံးစေတာပဲဖြစ်ပါတယ်။ သူတို့ကိုခွင့်ပြုပေးထားတဲ့ငွေအတိုင်းအတာ (တနည်းအားဖြင့်မုန့်ဖိုး) ကိုသူတို့ကိုယ်တိုင်စီမံသုံးစွဲပါစေ။ အစပိုင်းမှာတော့ အရုပ်သစ်တစ်ခုကိုဝယ်လိုက်တဲ့အတွက် သူတို့တကယ်လိုချင်နေတဲ့ အမှန်တကယ်လိုအပ်တဲ့အခြားတစ်ခုအတွက် ငွေမလောက်တော့တာတွေဖြစ်လာမှာပါ။ သူတို့လေးတွေအတွက်ငွေဆိုတာအကန့်အသတ်မဲ့ရနေတာမဟုတ်တဲ့ အတွက် သူတို့လေးတွေကိုယ်တိုင်ဉာဏ်ရှိရှိဆုံဖြတ်ချက်ချ လာတတ်စေမှာပါ။ တကယ်တော့ ဒါဟာကောင်းတဲ့သင်ခန်းစားကောင်း တစ်ခုပါပဲ။ ဘယ်လိုသင်ခန်းစာလဲဆိုတော့အဆင်အခြင်မဲ့ အလွန်အကျွံသုံးစွဲခြင်းရဲ့ အကျိုးဆက်ဆိုတာကို သူတို့နားလည်လာစေပါတယ်။ တစ်ခါတစ်ရံ အိမ်သုံးပစ္စည်းတွေဝယ်တဲ့ နေရာမျိုးမှာသူတို့ကိုအတူပါဝင်စေပြီး ဘာကြောင့်ဘယ်စျေးနဲ့ပစ္စည်းကိုဝယ်ရတယ်ဆိုတာကိုရှင်းပြပေးပါ။ လူကြီးတွေဘာကြောင့်သတ်မှတ်ထားတဲ့ငွေနဲ့ လောက်အောင်သုံးစွဲရသလဲဆိုတာကို သူတို့နားလည်နိုင်လောက်တဲ့နည်းနဲ့ရှှုင်းပြလို့ရပါတယ်။ နောက်တစ်ခါသတ်မှတ်ပေးထားတဲ့ငွေအတွင်းမှာဝင်အောင် သစ်သီးဝယ်ခိုင်းတာမျိုးတွေကိုပြုလုပ်ခိုင်းလို့ရပါတယ်။ . သင်ခန်းစာ - ၃။ လက်ဖက်ကောင်းစားလိုရင်ပလောင်တောင်တက်နှေးရတယ်။ --------------------------------------------------------------------------------. သင့်ကလေးကို လေ့ကျင့်ပေးသင်ကြားပေးရမှာက အကြွေးနဲ့အရင်ဝယ်တဲ့အကျင့်မျိုးမရှိအောင်ပါ။ မိဘကိုယ်တိုင်ကလည်း အရင်ဝယ်ပေးထားမယ် နောက်မှဖြည်းဖြည်းဖဲ့ဆပ်ဆိုတဲ့အလေ့အကျင့်မျိုးကိုမပြုလုပ်ပါနဲ့။ ဒီလိုမပြုလုပ်တာ နောင်တစ်ချိန်မှာ မလိုအပ်တာတွေအပေါ် စိတ်အလိုလိုက်သုံးစွဲပြီး အကြွေးနွံနစ်နေမဲ့ဒုက္ခကနေ ကင်းဝေးစေပါလိမ့်မယ်။ နေရိပ်လိုနေပူကစောင့်ဆုုိတဲ့ စကားအတိုင်းပဲ သင့်ကလေးကိုစိတ်ရှည်တတ်ခြင်းဟာ ရည်ရှည်မှာ ပိုမိုစိတ်ချမ်းသာစေတယ်ဆိုတာ ကိုသင်ပေးပါ။ တစ်ခုခုကိုလိုချင်တိုင်းစိတ်အလိုမလိုက်တတ်တဲ့အကျင့်ရှိအောင်ပျိုးထောင်သင်ကြားပေးပါ။ ရုပ်ရှင်ရုံတို့ ကစားကွင်းတို့ စျေးဆိုင် ဘယ်မှာပဲဖြစ်ဖြစ်အလှည့်စောင့်ရတဲ့အလေ့အကျင့်ကိုရအောင်လေ့ကျင့်ပေးပါ။ . သင်ခန်းစာ - ၄။ ရရသုံးသုံးအလေ့အကျင့်ကိုမလုပ်ပါစေနဲ့။ -------------------------------------------------------------. သင်ခန်းစာ၃နဲ့၄က ဆက်စပ်မှု့ရှိပါတယ်။ စိတ်ရှိတိုင်း၊လက်ထဲငွေရှိတိုင်း၊တွေ့တိုင်းဝယ်တတ် သုံးတတ်တဲ့အကျင့်ကို ထိန်းချုပ်တတ်အောင်သင်ပေးပါ။ သင်ကရှေ့ဆောင်နမူနာ ဖြစ်အောင်လုပ်ပြပါ။ စျေးဝယ်မထွက်ခင်မှာ ဘယ်လောက်သုံးမယ်ဆို တာကိုသတ်မှတ်ပါ။ ဘာဝယ်မယ်ဆိုတာကို ရေးချပါ၊ ဘယ်မှာသွားဝယ်မယ် ပစ္စည်းတစ်ခုစီအတွက် ဘယ်လောက်အတွင်းမှာ သုံးမယ်ဆိုတာမျိုုးကိုသတ်မှတ်ပါ။ တတ်နိုင်သမျှ ကြိုတင်ပြီးစျေးနှုန်းစုံစမ်းတာတို့ အသက်သာဆုံးဖြစ်မဲ့နေရာကိုရှာတာတို့ကို လုပ်ဆောင်ပြသင့်ပါတယ်။ ဒါဆိုသင့်ကလေးကလည်း ပစ္စည်းမဝယ်ခင်ကြိုတင်ပြင်ဆင်တတ်တဲ့အလေ့အကျင့်ကိုရလာပါတယ်။ ဒါအပြင် သူတို့ရတဲ့ငွေကို အမြဲတမ်း ၃ပုံပုံတတ်အောင်သင်ပေးရမှာပါ။ ပထမအပုံက သုံးစွဲဖို့ပါ။ ဒုတိယအပုံက စုဆောင်းဖို့ပါ။ တတိယအပုံကဝေမျှဖို့အတွက်ပါ။ , သင်ခန်းစား - ၅။ စုဆောင်းတယ်ဆိုတဲ့အလေ့အကျင့်ကောင်း။ ---------------------------------------------------------------. သင့်ကလေးလိုချင်တဲ့အရုုပ်အတွက် သူ့မှာငွေအလုံအလောက်မရှိဘူးဆိုပါဆုုိ့၊ သူ့ကိုပြည့်အောင်ငွေစုခိုင်းပါ။ ငွေပြည့်ပြီဆိုရင် သူ့ကိုအရုပ်ဆိုင်ကိုခေါ်သွားပြီး ကိုယ်တိုင်ငွေပေးပြီး ဝယ်ခိုင်းလိုက်ပါ။ သင့်ကလေးဘယ်တော့မှ ဒီအတွေ့အကြုံကိုမေ့တော့မှာ မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်ဖြစ်အောင်ဆောင်ရွက်နိုင်တာရယ် အဆုံးသတ်မှာရလိုက်တဲ့ကြည်နူးမှု့ဆုလာဒ်တွေအတွက်ပေါ့။ တစ်ခုသတိထားရမှာကတော့ သင့်ကလေးလိုချင်တဲ့အရာကအလွန်အမင်းစျေးကြီးပြီး လပေါင်းအတော်ကြာအောင်စုရမှာ ဆိုရင်တော့ ကလေးအတွက်သိပ်မနိပ်သေးတဲ့အတွက် အောင်မြင်နိုင်ချေနည်းပါတယ်။ ဒါဆိုရင်တော့ သင့်တော်တဲ့အစီအစဉ် တစ်ခုခုကိုမိဘလုပ်သူကကူညီပံ့ပိုးပေးလို့ရပါတယ်။ သို့သော်လည်း အမြဲတမ်းမိဘပံ့ပိုးရတဲ့ အစီအစဉ်မဖြစ်အောင်တော့ သတိထားပါ။ နောက်ထပ်အကြံကောင်းလေးတစ်ခုကတော့ သူတို့ငွေစုတိုုင်းသူတို့နှင့်အတူတူငွေရေတွက်ပေးပြီး သူတို့လေးတွေစုထားတာဘယ်လောက်ရောက်နေပြီဆိုတဲ့အကြောင်း၊ပန်းတိုင်ကိုရောက်တော့မယ်ဆိုတဲ့အကြောင်းအားပေးပါ။ ဒီလိုပြုလုပ်ပေးတာ ပျော်စရာကောင်းသလို သူတို့အတွက်အားရှိပြီး ယုံကြည်မှု့ကိုလည်းတိုးစေပါတယ်။ . သင်ခန်းစာ - ၆။ စာရင်းမှတ်တာကောင်းတဲ့အကျင့်ပါ။ ------------------------------------------------------. သင့်ကလေးကိုသင်ကြားပေးရမဲ့ ငွေကြေးစီမံတတ်တဲ့အရည်အချင်းနောက်တစ်ဆင့်ကတော့ သူတို့သုံးစွဲခဲ့တဲ့ငွေတွေကို မှတ်မှတ်သားသားလုပ်တတ်တဲ့အကျင့်ရှိအောင်ပြုလုပ်ပေးဖို့ပါ။ သတ်သတ်မှတ်မှတ်စာရင်းစာအုပ်နဲ့မှတ်တာသော်လည်ကောင်း ကွန်ပြုတာမှာစာရင်းမှတ်တာသော်လည်းကောင်းလုပ်တတ်အောင်လေ့ကျင့်ပေးပါ။ ဘောက်ချာစာရွက်တွေနဲ့ ငွေကြေးနဲ့ဆုုိင်တဲ့ စာရွက်စာတမ်းတွေ စုတတ်တဲ့အလေ့အကျင့်ရအောင်ပြုလုပ်ပေးပါ။ . သင်ခန်းစာ - ၇။ စာရင်းပြုစုထားလိုချင်တာများ။ -------------------------------------------------. ကလေးငယ်တွေအတွက် အဓိကနဲ့ သာမညခွဲဖို့ဆိုတာတော်တော်လေးခက်ခဲတဲ့အလုပ်လို့ဆိုရပါတယ်။ ဒါကြောင့်မို့ မိဘလုပ်သူက သူတို့နှင့်အတူတူ သူတို့ကိုယ်ပိုင်ငွေနဲ့ သူတို့လိုချင်တာတွေလုပ်ချင်တာတွေကိုအတူစာရင်းပြုလုပ်ပါ။ သူတို့လေးတွေနဲ့ အသေအချာဆွေးနွေးပြီး ဘယ်ကိစ္စကသူတို့အတွက်ပိုအရေးကြီးသလဲပြီးတော့ ကိစ္စတစ်ခုစီကို အဆင့်သတ်မှတ်ပေးနိုင် အောင်ကူညီပေးပါ။ . သင်ခန်းစာ - ၈။ စုငွေဆောင်ငွေတိုးပွားပါစေ။ -------------------------------------------------. သင့်ကလေးကိုငွေကိုရိုုးရိုုးစုဆောင်တာသာမကရည်ရှည်မှာအတိုးရနိုင်တယ်ဆုုိတဲ့အကြောင်းကိုစပြီးသင်ပေးပါ။ ဘဏ်တိုးတို့ ငွေစုလက်မှတ်ဝယ်ယူတာတို့လိုမျိုးတွေအကြောင်းရှင်းပြပေးပါ။ ရည်ရှည်မှာ အတိုးပွားများစေတာကိုသူတို့နားလည်းလာရင် အရမ်းအံသြသွားပါလိမ့်မယ်။ နှစ်ရှည်မှာအတိုးကနေအရင်းပြန်ဖြစ်ပြီး အတိုးပိုမိုပွားစေတာကိုသင်ကြားပေးရမှာပါ။ အသက်အရွယ်ကိုလိုက်ပြီးငွေကြေးတိုးပွားလာအောင်လုပ်ရတယ်ဆိုတဲ့အသိကိုသင်ပေးထားပါ။ . သင်ခန်းစာ - ၉။ အယုံမလွယ်အောင်လေ့ကျင့်ဆောင်။ --------------------------------------------------------- အရာရာကို သံသယမျက်လုံးနဲ့ကြည့်ပြီး မယုံမကြည်နဲ့နေဖို့ကိုဆိုလိုတာမဟုတ်ပါဘူး။ ဉာဏ်ကိုလွှာသုံးပြီး အယုံမလွယ်ဖို့ကိုသင်ကြားပေးရမှာပါ။ စိတ်ထဲမသေချာရင် အသေအချာလေ့လာပြီးမှဆုံးဖြတ်တတ်အောင် လေ့ကျင့်ပေးသင့်ပါတယ်။ ကြော်ငြာထဲမှာမြင်တိုင်းအဟုတ်ထင် အကောင်းထင်ပြီး ဘာဖြစ်ဖြစ် ဝယ်ချင်လိုချင် နေမယ်ဆိုရင်တော့ ရည်ရှည်မှာမဟန်သေးပါဘူး။ တစ်ခါတစ်လေ ဒီလိုဝတ်နိုင်မှ သုံးနိုင်မှ လူရာဝင် ထင်ပေါ်လိမ့်မယ်လို့ ထင်အောင်ကြော်ငြာတတ်တဲ့ အရာတွေကို အမှန်တကယ်လို၏၊မလို၏ဆုံးဖြတ်နိုင်အောင် ငယ်ငယ်ကတည်းကလေ့ကျင့်ထားတာ အကောင်းဆုံးပါပဲ။ . သင်ခန်းစာ ၁၀။ ဝေမျှတတ်မှုအလေ့ပြု။ ----------------------------------------- သင့်ကလေးကို အမှန်တကယ်လိုအပ်နေတဲ့နေရာတွေမှာ လှုဒါန်းတတ်တဲ့အကျင့်ရှိအောင် သင်ကြားပေးရမှာပါ။ ဒီအလေ့အကျင့်ဟာ ငွေဆိုတာ ပစ္စည်းဝယ်ရုံသတ်သတ်မဟုတ်ဘဲ အများကိုလည်းကူညီနိုင်တယ်ဆိုတာကိုု နားလည်လာစေပါတယ်။ ငယ်စဉ်ကတည်းကငွေကြေးရဲ့တန်ဖုုိးဆိုတာနားလည်စေပြီး ငွေကြေးကိုအကျိုးရှိရှိအသုံးချလို့ရတယ် ဆိုတဲ့အလေ့အကျင့်ကောင်းတွေကို ရစေပါတယ်။ ငယ်စဉ်ကတည်းက အနည်းအများဆိုတာထက် ဝေမျှတတ်တဲ့အကျင့်ကောင်း ဆိုတာကို ရနေအောင်ပျိုးထောင်ပေးရမှာဖြစ်ပါတယ်။ .
(ဖြိုးဝေလှ ဆီလျော်အောင်ဘာသာပြန်ဆိုသည်။)
Post a Comment