မိဘတွေရဲ ့ အုပ်ထိန်းမှု လွန်ကဲခြင်းဟာ ကလေးတွေကို အကူအညီပေးရာ မရောက်နိုင်

မိဘ အုပ်ထိန်းသူတွေအနေနဲ့ ကလေးတွေကို တင်းကျပ်မှုတွေကို ဖြေလျှော့ပေးသင့်ပါတယ်။ သင့်အနေနဲ့ သင့် ကလေးတွေကို တတ်နိုင်သလောက် ကူညီပေးချင်စိတ်ရှိနေပါတယ်။ ဒါပေမယ့် သင်ဟာ သူတို့လေးတွေကို လိုတာထက်ပိုပြီး ကူညီနေသလိုဖြစ်နေသလားဆိုတာ မေးခွန်းထုတ်ရပါမယ်။
စတန်းဖို့ဒ်တက္ကသိုလ်ကျောင်းသားဟောင်းလည်းဖြစ်ပြီး "အရွယ်ရောက်ပြီးသူ တစ်ယောက်ကို ဘယ်လိုပြုစုပျိုးထောင်ရမလဲ" ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့သူ Julie Lythcott-Haims ကတော့ မိဘ တွေရဲ ့သက်ရောက်မှု လွန်ကဲနေခြင်းဟာ ကလေးတွေအတွက် ကောင်းကျိုးတစ်ခုမှ မရှိနိုင်ဘူးဆိုတာကို ယုံကြည်နေပါတယ်။
"ငါတို့ဟာ ကလေးတွေကို ပန်းတိုင် တစ်ခုကနေ နောက်တစ်ခုကို ရောက်ဖို့ သိုးထိန်းသလို ထိန်းကျောင်းခြင်းနဲ့ ဆိုးရွားစွာ ကူညီပေးချင်နေကြပါတယ်။ သူတို့ကို ရှုံးနိမ့်မှုနဲ့နာကျင်မှုတွေကနေ ကာကွယ်ပေးချင်နေပါတယ်။ ဒါပေမယ့်လည်း အလွန်အကျွံ ကူညီပေးခြင်းကတော့ သူတို့ကို ဒုက္ခဖြစ်စေနိုင်ပါတယ်" လို့ သူမက ရေးသားထားပါတယ်။ "အဲဒါဟာ ငယ်ရွယ်သူတွေကို ဘဝတစ်ခု တည်ဆောက်တဲ့အခါ သိထားဖို့လိုအပ်တဲ့ အရည်အချင်းတွေ ၊ ဆန္ဒတွေ နဲ့ အသွင်အပြင်တွေကို ကင်းမဲ့သွားစေပါတယ်။"
အကယ်၍ သင်ဟာ သင့်ကလေးရဲ ့ ဘဝမှာ ပါဝင်ပတ်သက်မှု လွန်ကဲနေပြီး သူတို့ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ ၊ ပြဿနာတွေတိုင်းကို ဂရုစိုက်ပေးနေခြင်းဟာ သူတို့ဘာလဲဆိုတာ ၊ ပြဿနာတစ်ခုကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတာ ၊ အရွယ်ရောက်သူတစ်ယောက်အနေနဲ့ ဘဝနဲ့ ကမ္ဘာကြီးကို ဘယ်လို ဖြတ်သန်းရမလဲ ဆိုတာတွေကို သင်ကြားခွင့် ပိတ်ပင်လိုက်သလိုပါပဲ။
ကောလိပ်ကျောင်းသားတွေမှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေများလာစေခြင်းဟာ အာဏာရှင်ဆန်တဲ့ မိဘတွေရဲ ့ သူတို့ကို ကျောင်းစာမှာ အောင်မြင်မှုရစေဖို့ ဖိအားပေးခြင်းတွေရဲ ့ ရလဒ်ပဲဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ အမေရိကန် ကောလိပ်ကျန်းမာရေးအဖွဲ့အစည်းဟာ ကျောင်းပေါင်း ၁၅၃ ကျောင်းက ကောလိပ်ကျောင်းသားပေါင်း တစ်သိန်းကျော်ရဲ ့ ကျန်းမာရေး နဲ့ စာမေးပွဲ ရမှတ်တွေကို စစ်တမ်းကောက်ယူပြီးလေ့လာခဲ့ကြပါတယ်.
ထိုကျောင်းသားတွေရဲ ့ ၁၂ လအတွင်း စစ်တမ်းကောက်ယူမှု ပျမ်းမျှရလဒ်တွေကတော့ လုပ်ပိုင်ခွင့်မရှိတဲ့ လွှမ်းမိုးမှု ၈၄ ရာခိုင်နှုန်း ၊ ဝမ်းနည်းမှု ၆၀ ရာခိုင်နှုန်း ၊ အထီးကျန်မှု ၅၇ ရာခိုင်နှုန်း ၊ သောကများခြင်း ၅၁ ရာခိုင်နှုန်း နဲ့ သေကြောင်းကြံစည်ချင်မှု ၈ ရာခိုင်နှုန်းတို့ကို ခံစားနေခဲ့ရတယ်လို့ သိရပါတယ်။
"မိဘတွေရဲ ့အလုပ်က ကလေးတွေ ကိုယ့်အားကိုယ်ကိုးတတ်ပြီး ကိုယ့်ကိုကိုယ် ဂရုစိုက်နိုင်တယ်ဆိုတာကို သိဖို့ပဲ လိုပါတယ်။" လို့ Lythcott-Haims က ဆိုပါတယ်။
မိဘတွေအနေနဲ့ ကလေးတွေကို ရောင့်ရဲ တတ်လာဖို့အတွက် သူတို့ကို ကိုယ်ပိုင်ဆုံးဖြတ်ချက်ခွင့်ပေးခြင်း ၊ လက်တွေ့ဘဝမှာ လိုအပ်တဲ့ အရည်အချင်းတွေကို ပြောပြခြင်းတို့နဲ့ ကလေးတွေကို သင်ကြားပေးနိုင်ပါတယ်။ အနည်းဆုံးတော့ သူတို့ကို အဲဒီအရည်အချင်းတွေကို အသုံးချခွင့်ပေးလိုက်ပြီး ရှုံးနိမ့်ခွင့်ပေးလိုက်ပါ။ ဒါဆိုရင် သူတို့ဟာ သူတို့ရဲ ့အမှားတွေကနေ သင်ခန်းစာ ယူတတ်သွားပြီး ကိုယ့်အခြေအနေကိုယ် သိသွားကြမှာပါ။ ရှုံးနိမ့်ခြင်းဆိုတာဟာ ဘဝကြီးရဲ ့အဆုံးသတ်မဟုတ်ပါဘူး။အဲဒါဟာ ပထမဆုံးခြေလှမ်းသာ ဖြစ်ပါတယ်။
သင့်ကလေးကို သင်ပညာတတ်ကြီးဖြစ်စေချင်တယ်ဆိုရင်တော့ သူတို့လေးတွေဟာ ကိုယ့်အားကိုယ်ကိုးပြီးတော့သာ အတွေ့အကြုံတွေကို သင်ကြားခွင့်ပေးဖို့လိုအပ်ပါတယ်။အဲဒါမှသာ သူတို့ဟာ ဘဝနဲ့ စာသင်ကျောင်းရဲ ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်မှာပါ။ ဒါကို သူတို့တွေလုပ်နိုင်တယ်ဆိုတာ လက်ခံလိုက်ပါ။
Ref:yourtango
Post a Comment