နန်းကျ တော်ဝင်မိသားစုအကြောင်း တစေ့တစောင်း “
တချို့ အမျိုးသမီးငယ်လေးတွေ ၊ အဖေက ရာထူးကြီးကြီး ၊ အမေ က ရွှေဆိုင်ကြီးကြီး ၊ ချမ်းသာတဲ့ မျိုးရိုးက ဆိုတော့ ၊ ရွှေဂုဏ် မျိုးဂုဏ် မောက်ကြလေတယ် ။
တသက် ထိုင်စား မကုန်ဘူးဆိုပြီး ၊ ငွေမာန တဝင့်ဝင့်နဲ့ပြောကြတယ် ၊ ဘာပြသနာဖြစ်ဖြစ် ရှင်းနိုင်တယ်ဆိုပြီး အာဏာမာန တကြွကြွဆိုကြတယ် ။
သူတို့ ကို ကြည့်ပြီး ပြုံးမိတယ် ၊ သူတို့ပိုင်ဆိုင်တဲ့ ရာထူး နဲ့ ဓနက ဘယ်လောက်ရှိမလဲတော့ မသိပေမယ့် သီပေါမင်း ရဲ့ တော်ဝင်မိသားစုကို ဖြတ်ခနဲ သွားသတိရတယ် ။
နန်းကျဘုရင်နဲဲ မိသားစုအကြောင်းကို လူတော်တော်များများက သိသလိုလို ၊ မသိသလိုလို ၊ ကြားဖူးနားဝ ဟိုတစ ဒီတစရှိကြပေမယ့် သေသေချာချာ လေ့လာကြည့်တဲ့အခါ ၊ မထင်နိုင်လောက်အောင် စိတ်ဝင်စားစရာ သံဝေဂ ရစရာ ရင်နင့် ကြေကွဲစရာ ကောင်းလှပါတယ်။
* ( အကြံပေးလိုတာက ဒီပိုစ့်ဟာ ရှည်လျားလှတဲ့အတွက် အချိန်ရမှ အေးအေးဆေးဆေးဖတ်စေလိုပါတယ် ။ နာရီချီပြီးကြာအောင် ကျနော့်ဖုန်းလေးနဲ့ပဲ ဖတ်စေချင်တဲ့ စေတနာတခုထည်းနဲ့ရေးခဲ့တဲ့စာ မိုလို့ပါပဲ ။ )
သီပေါမင်း ဟာ ဗမာဘုရင် မှ ထိုင်းလိုစည်းမျဉ်းခံ ဘုရင်မဟုတ်ဘူး ၊ သက်ဦးဆံပိုင် ရေမြေ့ရှင် ဘုရင် ၊ သေစေ ရှင်စေ စတဲ့ စေတလုံးပိုင်ရှင် ဘုရင် ၊ ငွေဆိုတာ ဘဏ္ဍာတိုက်မှာ ရှိတယ် ၊ ရတနာတွေဆိုတာ ပြောမနေနဲ့ ၊ ပတ္တမြားငမောက်လို အဖိုးဖြတ်မရတဲ့ နန်းစဉ်ကျောက် ပေါင်းမြောက်များစွာ ပိုင်ခဲ့တယ် ။
မူးမတ် မင်းချင်းတွေကို ဆုတော်လာဘ်တော်ပေးရင် ၊ ဘုရင်နဲ့မိဖုရားက သူတို့ဝတ်ထားတဲ့ ပတ္တမြားလက်စွပ်တွေ ချွတ်ပေးလေ့ရှိတယ် ၊ ဘုရင်နဲ့မိဖုရား အပျင်းတော်ပြေစေဖို့ ရွှေဒင်္ဂါးတွေ တလတခါ အပျော်ကြဲလေသတဲ့ ။
သီပေါဘုရင်နဲ့စုဖုရားလတ် တို့ရဲ့ပထမဆုံးရင်သွေး မင်းသမီးမွေးတုန်းက ၊ နန်းတော်ထဲမှာ လနဲ့ချီပြီးတော့ ပျော်ပွဲရွင်ပွဲတွေ အထပ်ထပ်အခါခါ သွင်းတယ် ၊ ရွှေပုခက် ရွှေခွက်နဲ့ မင်္ဂလာယူတယ် ၊ ရတနာပစ္စည်းပေါင်းများစွာကို မင်းမှု့ထမ်းတွေ ဆုလာဘ်အဖြစ်ရကြတယ် ၊ ဘွဲ့နာမည်ရှည်ကြီး ပေးတယ် ။
ဘုရင် ရဲ့ သမီးဦးဆိုတာ တပင်တိုင်မြနန်းရမဲ့ မင်းသမီး ၊ နောင် တက်လာမဲ့ဘုရင်က အဲ့ဒီ တပင်တိုင်မြနန်းရှင်နဲ့ အတူတွဲပြီး ဘိက်သိက်ခံရမှာ ၊ ဆိုလိုတာက အနာဂါတ်မှာ မိဖုရားခေါင်ဖြစ်မဲ့ကလေး ၊ နောင်အခါမှာ အဲ့ဒီသမီးတော်ဟာ အင်္ဂလိပ်တွေ ပေးတဲ့ ပထမသမီးတော် ဆိုတဲ့ နာမည်ပဲ တွင်ခဲ့တယ် ။
သီပေါမင်းသားဟာ အလောင်းမင်းတရား ထူထောင်ခဲ့တဲ့ ကုန်းဘောင်မင်းဆက် ရဲ့နောက်ဆုံးဘုရင် ၊ မယ်တော် လောင်းရှည် မိဖုရားက ရှမ်းမင်းသမီး ၊ ဒီတော့ သီပေါမင်းသားက ရှမ်းဗမာကပြား ၊ မင်းတုန်းမင်းက လောင်းရှည်မိဖုရားကို နှစ်သက်တော် မမူလို့ မိဖုရားရာ မဝင်ပဲနေခဲ့ရ ရှာတယ် ၊ သီပေါမင်းသားက လည်း မင်းသားရာ မဝင်ခဲ့ရှာဘူး ။
ညောင်ရမ်းမင်းသား မက္ခရာမင်းသား အစရှိတဲ့ ၊ ဓါးထက်ထက် မင်းသားကြီးတွေရှိနေတဲ့အတွက် ၊ ဘုရင်ဖြစ်ဖို့ စိတ်တောင် မကူးရဲခဲ့ဘူးတဲ့ သီပေါမင်းသားခမြာ ၊ ဘုန်းကြီးဝတ်ပြီး သာသနာဘက်မှာသာ ဘာသာရေး အားပေးတဲ့ ခမည်းတော်မင်းတုန်းမင်း ကျေနပ်ဖို့အတွက် ၊ ထူးချွန်အောင်ကြိုးစားရရှာတယ် ။
ကုသိုလ်ကံကောင်းပြီး ရာဇပလ္လင်ဖင်ကပ်လေတော့ ၊ နန်းတွင်းပြဿနာပေါင်း သောင်းခြောက်ထောင်ကြား ၊ ထုံတုံတုံ အတတ သီပေါမင်းသားဟာ ၊ မူးမတ်တွေနဲ့ဆင်ဖြူမရှင်မိဖုရားကြီးရဲ့ ကျေးဇူးကြောင့် ဘုရင်တက် ဖြစ်လာရလေတယ် ။
သူ့ အားကိုးတဲ့ သူ့ငယ်ကျွန်လည်းဖြစ် သူငယ်ချင်းလဲဖြစ်တဲ့ ရနောင်မောင်မောင်တုတ်က ၊ သီပေါမင်းသားကို ဘုရင်မြှောက်ဖို့ ကုန်းပိုးပြီးပြေး ခေါ်လာတော့ ၊ ဟုတ်ပါ့မလား နောင်တော်တုတ် ရယ် လို့မယုံမရဲ ပြန်မေးရှာလေသတဲ့ ၊ ရနောင်မောင်မောင်တုတ် က အဲ့ဒီမှာ တကယ်ဟုတ်ရင် အရှင့်သားဘာဆုပေးမလဲဆိုပြီး တောင်းတဲ့အခါ ၊ သီပေါက ငါ့လက်နဲ့မသေစေရဘူးဆိုတဲ့ ဆုပေးတယ် ။
တကယ်တော့ ငါ့လက်နဲ့မသေစေရဘူးဆိုတာ ၊ ငါဘုရင်ဖြစ်ရင် မင်းဘာလုပ်လုပ် မင်းကို ငါသေဒဏ်မပေးဘူး လို့ ပြောလိုက်သလိုပဲမို့ ၊ သီပေါမင်းနန်းတက်တဲ့အခါ မင်းမျိုးမဟုတ်ပေမယ့် မင်းသားဘွဲ့ရခဲ့တဲ့ ရနောင်မောင်မောင်တုတ် မင်းသားကြီးဟာ ကမ်းကုန်အောင်ဆိုးခဲ့တယ် ။
သူတပါး မိန်းမပါ မချန် ၊ အတင်း ဆင် နဲ့တင်ပြေးတယ် ၊ သူ့အိမ်တော်သားတွေကို ဓါးပြတိုက်ခိုင်းတယ် ၊ သူ့ကိို ဘုရင့် နောင်တော် ဆိုပြီး အကုန်လုံးက မပြောရဲခဲ့ကြဘူး ။
ဒါပေမယ့် သီပေါဘုရင်ကို ဒိုင်းခင်ခင် ဆိုတဲ့ မိန်းမချောလေးနဲ့ ၊ တိတ်တိ်တ်ပုန်း အောင်သွယ်တဲ့အချိန်မှာတော့ ၊ နန်းတော်မှာ သီပေါဘုရင်ထက်တောင် အာဏာပြင်းနေတဲ့ စုဖုရားလတ်မိဖုရားရဲ့ မျက်မာန်ရှ ၊ မိဖုရား ဆင်တဲ့အကွက်တွေထဲ ၊ ကုလားဖန် ထိုးတာ မိပြီး အကျဉ်းခန်း မြန်းရလေတယ် ။
ထောင်ထဲမှာ သူနဲ့နဂိုကတည်းက ရန်ညိုးရှိတဲ့ ရွှေလှံဗိုလ်ရဲ့ လုပ်ကြံသတ်ဖြတ်တာခံရပြီး ၊ သီပေါဘုရင်ကိုတော့ နောင်တော်တုတ် ဟာ သူ့ဟာသူ စီရင်သွားခဲ့ပါတယ်ဆိုပြီး လျှောက်ကြတယ် ။ သီပေါဘုရင်က ကာကွယ်ပေးပါ့မယ် ကတိပေးခဲ့တဲ့ ဒိုင်းခင်ခင်လဲ အစဖျောက်ခံလိုက် ရရှာတယ် ။ သီပေါဘုရင်ဟာ အဲ့ဒီအချိန်ကတည်းက မိဖုရားကို မလှန်နိုင် ရှာတော့ပဲ အရာရာ ၊ စုသဘော ဖြစ်ခဲ့တော့တယ်။
သမိုင်းထဲမှာတော့ သီပေါမင်းအကြောင်းပြောရင် ၊ စုဖုရားလတ်မိဖုရားက မပါမဖြစ် ၊ အစ်မတော် စုဖုရားကြီး နဲ့နန်းတက်ရမယ့် ၊ သူ့ငယ်ချစ် သီပေါကို သူကိုယ်တိုင်လက်ဆွဲပြီး ရာဇပလ္လင်ပေါ်တက်တယ် ။
အစ်မတော် နဲ့ သူ့ချစ်သူကြား အတင်းတိုးပြီး ဘိသိက် ဝင်အသွန်းခံတယ် ၊ အဲ့သလောက်ထိ ရဲတင်းတယ် ၊ မာနကြီးတယ် ဖြတ်လတ်တယ် ၊ အင်္ဂလိပ် နဲ့စစ်ဖြစ်ခါနီး အင်္ဂလိပ်က ရာဇသံပို့တော့ ၊ ကင်းဝန်အမတ်ကြီးက စစ်မပြိုင်ဖို့ ၊ နိုင်ချေ မရှိတဲ့အတွက် လိုက်လျောစရာရှိတာ လိုက်လျောပြီး ပိုနေမြဲကျားနေမြဲနေဖို့ လျှောက်တင်တယ် ။
စုဖုရားလတ် က ကင်းဝန်မင်းကြီးအတွက် ၊ ထမိန်ထုတ် နဲ့ သနပ်ခါးကျောက်ပြင်ကို ၊ အပျိုတော်တွေကို ပြင်ခိုင်းပြီး ညီလာခံမှာ ကင်းဝန်မင်းကြီးရှေ့ ပစ်ချလေသတဲ့ ၊ သက်တော်ရှည်အဘိုးအမတ်ကြီးခမြာ ၊ သူ့မြေးအရွယ် ဘုရင်နဲ့မိဖုရားငယ်လေးကြောင့် အရှက်ကွဲပြီး မျက်ရည်ဖြိုင်ဖြိုင်ကျရလေတယ် ။
စစ်ဖြစ်တော့ ခွက်ခွက်လန်အောင် ရှုံးတယ် ၊ ဥရောပတခွင်ပြဲပြဲစင်အောင် ပတ်လာတဲ့ ကင်းဝန်က ဒါကိုကြိုမြင်လို့ အင်္ဂလိပ်ရဲ့စစ်လက်နက်အင်အားကို သိလို့ တားတာကို ၊ ငကြောက်ကြီးဆိုပြီး အရှက်ခွဲခဲ့တဲ့ရလာဒ် လို့ဆိုရမယ် ။
မတူညီတဲ့ သမိုင်းမှတ်တမ်းတွေမှာတော့ ကင်းဝန်အမတ်ကြီးက ခံတပ်တွေကို လက်နက်ချခိုင်းခဲ့တယ်လို့ဆိုကြတယ် ၊ လက်နက်မချ ခိုင်းလည်း ရှုံးမှာပဲ ၊ မြန်မာ တပ်တော် က ဗလချိုင့်သေနတ်နဲ့(၆)ပေါင်အမြောက် ထန်းလုံးအမြောက်သာရှိတဲ့အချိန် ၊ အင်္ဂလိပ်စစ်တပ် က (၁၀)ပေါင် (၁၅)ပေါင်အမြောက်တွေနဲ့ စက်သေနတ်တွေ တပ်ဆင်ပြီးလာတာကိုး ။
ကျနော် Smart ကုမ္ပဏီမှာလုပ်တုန်းက ဦးကျော်ကျော်လှိုင် ပရက်ဇန်တေးရှင်း ပေးတာကို မှတ်မိသေးတယ် ၊ ဆရာက Smart ရဲ့ ပိုင်ရှင် ရှယ်ယာမန်းဖြစ်တဲ့အပြင် ၊ စာရေးဆရာပါဖြစ်တဲ့အတွက် အင်္ဂလိပ်မြန်မာတတိယစစ်ပွဲကို သရုပ်ပါပါဟောပြောနိုင်တယ် ၊ မင်းလှခံတပ် တိုက်ပွဲဓါတ်ပုံတွေထဲမှာ ၊ မြန်မာစစ်သည်တွေ သေဆုံးတာ အတုန်းအရုံးပဲ ၊ အင်္ဂလိပ်ရဲ့အမြောက်ဒဏ်ကို မခံနိုင်လို့ သေရှာသတဲ့ ။
ရင်နာဖို့ကောင်းတာ တခုက မြန်မာတပြည်လုံးကို သိမ်းပိုက်သွားတာဟာ အင်္ဂလိပ်တော်ဝင်နန်းတော်က သိမ်းပိုက်တာမဟုတ်ပဲ ၊ အင်္ဂလိပ်အရင်းရှင် ကုမ္ပဏီကြီးတစ်ခုသာ ဖြစ်တဲ့ အရှေ့ – အိန္ဒိယကုမ္ပဏီက သိမ်းပိုက်ခဲ့ပြီး တော်ဝင်နန်းတော်ကို ဆက်သ လိုက်တာသာ ဖြစ်ပါလေသတဲ့ ဗျား ။
နောက်ဆုံး အင်္ဂလိပ်တပ်ဟာ မန္တလေးနေပြည်တော်ထိ ချီတယ် ၊ စစ်ကြောင်းမှူးက ကာနယ်စလေဒင် ၊ ဗိုလ်ချုပ်က ပရင်ဒါဂါတ် ၊ စလေဒင်က သီပေါမင်းနဲ့ရင်းနှီးတယ် ၊ ရှေ့တော်ကို အခစားဝင်ဖူးတယ် ။
ပရင်ဒါဂါတ်က သီပေါမင်းကို နန်းတော်ကနေ ညတွင်းချင်းခွာခိုင်းတယ် ၊ ဘုရင့်မိသားစုခမြာ စလေဒင်ကို တညတော့ နေပါရစေဦးလို့ တောင်းတောင်းပန်ပန်ပြောခဲ့ရရှာသတဲ့ ၊ နန်းတွင်းသူတွေလည်း ညရောက်တော့ အထုပ်အပိုးတွေပြင်ပြီး နန်းတော်က ရသမျှယူ ပြေးကြလေတော့တယ် ။
နန်းတွင်းသူတွေတင် မကဘူး ကျုံးအပြင်ဘက်က အရပ်သူတွေပါ နန်းတွင်းထဲဝင်ပြီး ၊ ရသမျှ ပိုးဖဲကတ္တီပါ ရတနာတွေကို မီးရောင်တဝင်းဝင်းနဲ့ဝင်လုကြလေတော့တယ် ။
နောက်ဆုံး ဘုရင့်နန်းဆောင်ထိရောက်လာကြလို့ အိန္ဒိိယစစ်ဘာရီတွေ ခြောက်လှန့်ပစ်ရတယ် ၊ သီပေါဘုရင် နဲ့ တော်ဝင်မိသားစု ဟာ အတော်ကြောက်လန့်သွားခဲ့ကြသတဲ့ ။
နောက်တနေ့မှာ ဘုရင့်မိသားစုဟာ နန်းတော်က ဆင်းရတယ် ၊ ပစ္စည်းတင်ဖို့ ရွှေလှည်း ငွေလှည်း ဘာမှမပေးပဲ သာမာန် ရထားလုံးပုံစံ နွားလှည်းတွေပဲ ပေးတယ် ၊ မာနကြီးတဲ့ စုဖုရားလတ်က အစပိုင်းက မစီးဘူးဆိုပြီး လမ်းဆင်းလျှောက်ပေမယ့် နောက်တော့ မလျှောက်နိုင်လို့ စီးရရှာတယ် ။
လမ်းမှာ တိုင်းသူပြည်သားတွေက ဘုရင်နဲ့မိဖုရားကို ပြားပြားဝပ်ကန်တော့ပြီး အော်ဟစ်ငိုကြွေးကြတဲ့အတွက် စစ်ဘင်ခရာ တီးဝိုင်းက အဲ့ဒီအသံတွေ ဖုံးအောင် ဆူညံအောင် အားကုန်တီးကြရတယ် ။
ဂေါဝိန်ဆိပ်မှာ သူရိယသင်္ဘောပေါ်တက်ကာနီး သီပေါခမျာ ချိတုံချတုံ ဖြစ်နေလို့ ၊ စုဖုရားလတ်က ရှေ့က သွားပြီး သီပေါမင်း လက်ကိုဆွဲခေါ်ပြီး တက်ခဲ့တယ် ၊ ပလ္လင်ပေါ် တက်တုန်းကလို ပဲပေါ့ ။
သီပေါဘုရင်က အဲ့ဒီအချိန်ထိ သူ့ကို အိန္ဒိယဘုရင်ခံနဲ့တွေ့ဖို့ခေါ်သွားမယ် ၊ ပြီးရင် သူနိုင်ငံကိုပြန်လာရမယ်လို့ ထင်နေခဲ့တယ် ၊ ဒါကြောင့် ရွှေငွေရတနာတွေတောင် စုံအောင်မယူသွားနိုင်ဘူးလို့ ဆိုတယ် ၊ အဲ့လိုထင်အောင်လည်း ကာနယ်စလေဒင်က ချော့မော့ပြီးခေါ်သွားခဲ့ပုံရတယ် ။
သီပေါဘုရင်ဟာ သူ့ကို အင်္ဂလိပ်တွေက ရုပ်သေးဘုရင်အနေနဲ့ပြန်ထားမယ်လို့ထင်နေခဲ့ရှာတယ် ၊ အိန္ဒိယကိုသွားတဲ့ ခရီးလမ်းမှာ သီပေါဘုရင် ဟာ သူ့မှာပါလာတဲ့ ရတနာတွေထဲက အများအပြားကို စလေဒင်လက်ထဲ စာရင်းနဲ့အပ်ထားတယ် ၊ ပတ္တမြားငမောက်လည်း စာရင်းထဲမှာပါသွားတယ် လမ်းခရီးမှာ ပျောက်မှာ ရှမှာ ပူပန်တယ်ထင်ပါရဲ့ ။
ဒါပေမယ့် အဲ့ဒီရတနာတွေဟာ သီပေါဘုရင်နဲ့မိသားစုဆီကို ဘယ်သောအခါမှ ပြန်ရောက်မလာခဲ့လေတော့ဘူး ၊ စလေဒင် ဟာ အချို့တဝက်ကို အင်္ဂလန်နန်းတော်ကို ဆက်သပြီး အချို့တဝက်ကိုတော့ အိန္ဒိယဘုရင်ခံနဲဲ့ ခွဲဝေယူသွားတယ်လို့ သမိုင်းဆရာတွေ ရေးကြတယ် ။
သီပေါဘုရင်ခမြာလည်း စလေဒင်တယောက်ကိုပဲ ရင်းနှီးတဲ့အတွက် အားကိုးနေရတဲ့အတွက် အားကြိုးမာန်တက် ပြန်မတောင်းနိုင်ခဲ့လေဘူး ၊ ဒီလိုနဲ့ နန်းစဉ်ရတနာတွေဟာ စာရင်းစာရွက်တခုအနေနဲ့ပဲ ကျန်ခဲ့တော့တယ် ၊ နောင်အခါမှာ သီပေါအနွယ်တော်တွေဟာ အဲ့စာရင်းကို ကိုင်ပြီး ၊ အင်္ဂလန်နန်းတော်နဲ့အင်္ဂလိပ်အစိုးရဆီ အကြိမ်ကြိမ်အခါခါ ပြန်တောင်းခဲ့ကြပေမယ့် ထွက်ပြီးဆင်စွယ်ကတော့ ပြန်မဝင်တော့ပါဘူး ။
နန်းကျဘုရင်မိသားစုဟာ အိန္ဒိယက တောမြို့လေး ရတနာဂီရိမှာ နေရာချထားခြင်းခံရတယ် ၊ ဘုရင်ဟောင်းမိသားစုဟာ အင်္ဂလိပ်အစိုးရဆီက နိုင်ငံရေးပင်စင် အိန္ဒိယရူပီး ရာဂဏန်းလောက် ရကြတယ် ၊ စစ်ဗာရီတွေ အစောင့်ချထားပြီး ကော်လိပ်တော်အရာရှိက သီပေါမင်းနဲ့မိသားစုကို အစစအရာရာ တာဝန်ခံ ကြည့်ရှု့ရတယ် ။
တကယ်တော့ သီပေါမင်းဟာ စုဖုရားကြီး စုဖုရားလတ်တို့အပြင် စုဖုရားငယ်နဲ့ပါ ထိမ်းမြားခဲ့ပြီး ၊ တကယ်ပေါင်းသင်းခဲ့တာ ကတော့ စုဖုရားလတ် နဲ့ စုဖုရားငယ်နှစ်ယောက်သာဖြစ်ပါတယ် ၊ ဒါပေမယ့် စုဖုရားငယ်ဟာ ရင်သွေးမရခဲ့ပဲ တူမတော်များကိုသာ ထိန်းကျောင်းနေခဲ့ပါတယ် ၊ စုဖုရားကြီးကတော့ မယ်တော်ဆင်ဖြူမရှင်မိဖုရားကြီးနဲ့ ယောဂီအမြဲဝတ်ကာ အေးချမ်းစွာ နေထိုင်သွားခဲ့ပါတယ် ။
ရတနာပုံမှာမွေးတဲ့ သမီးတော်ကြီးအပြင် ရတနာဂီရိမှာ သမီးတော် သုံးပါးထပ်မွေးတယ် ၊ သမီးတော်တွေကို အစိုးရက ပထမသမီးတော် ဒုတိယသမီးတော် အစရှိသဖြင့် နံပါတ်စဉ်လိုက်ခေါ်ဝေါ် သုံးစွဲခဲ့တယ် ။
ပါလာတဲ့ အပျိုတော်တွေဟာ ဆယ်ဂဏန်းလောက်သာ ရှိတဲ့အတွက် စံအိမ်တော်အမှု့ထမ်းတွေကို ဒေသခံ ဟိန္ဒူလူမျိုးတွေကို ခေါ်ရတယ် သူတို့ဟာ ဘုရင်ဟောင်းစံအိမ်တော်မှာ ရတနာပုံနန်းတော်လိုပဲ ဘုရင်နဲ့မိဖုရားဟောင်းကို ဒူးတုပ်ခစားရတယ် အိမ်တော်မှာ ဖိနပ်စီးခွင့်မရှိ ။
ပါလာတဲ့ နန်းတွင်းအပျိုတော် အနည်းငယ်ဟာ ဘုရင်မိသားစု အရင်ကလို သေစေရှင်စေ အာဏာမရှိတာ ၊ သိလာတဲ့အခါ မထီလေးစား ပမာမခန့်ဖြစ်လာကြသတဲ့ ၊ ဒေါသအိုး စုဖုရားလတ်က တွေ့ရာနဲ့ပစ်ပေါက်ပြီး နှင်ထုတ်ပစ်လိုက်တယ် ။
နောက်ပိုင်းမှာတော့ နန်းကျမိသားစုဟာ အိန္ဒိယ တောမြို့လေး ရတနာဂီရိမှာ ၊ အာယားကုလား အစေခံတသိုက်နဲ့ စိတ်ဓါတ်အကြီးအကျယ်ကျပြီး နေရရှာသတဲ့ ။
နန်းကျမိသားစုရတဲ့ ပင်စင်ဟာ မိသားစုကကျင်းပတဲ့ ပွဲတော်တွေနဲ့အစေခံတွေကို လခပေးဖို့လောက်သာ ရှိတယ် ၊ လက်ဖွာတဲ့ ဘုရင်ဟောင်းဟာ အကျင့်မပျောက်တဲ့အတွက် သူနှစ်သက်တဲ့လူကို ဝတ်ထားတဲ့ လက်စွပ်ဆွဲကြိုး ချွတ်ပြီး ချီးမြင့်လေ့ရှိတယ် ။
မြို့ခံလူထုကိုခေါ်ပြီး အမြဲကျွေးမွေးလေ့ရှိတဲ့အတွက် မြို့ခံတွေက နန်းကျမိသားစုကို ချစ်ခင်ကြတယ် ၊ ဒါပေမယ့် သမီးတော်တွေခမြာမှာတော့ ကျောင်းမတက် အပြင်မထွက်ခဲ့ရရှာပဲ စံအိမ်တော်ထဲက အစေခံတွေကြားမှာပဲ တစတစ အရွယ်ရောက်လာခဲ့ကြရှာတယ် ။
စံအိမ်တော်မှာ အိန္ဒိယဝန်ထမ်းပေါင်း(၆၀)ကျော်ရှိတာကို လူနည်းတယ်ဆိုပြီး ထပ်ခန့်ဖို့ သီပေါမင်းက အင်္ဂလိပ်အစိုးရကို တောင်းဆိုတာကို အစိုးရက ငြင်းပယ်ခဲ့တဲ့ ဖြစ်ရပ်တွေလည်း ရှိသေးရဲ့ ။
နန်းကျမိသားစုဟာ စံအိမ်တော် နဲ့အခြားလစဉ်အသုံးစရိတ်တွေ အတွက်ကိုတော့ ပါလာတဲ့ ရတနာတွေကို ထုခွဲရောင်းချပြီး ဖြေရှင်းကြရတယ် ၊ အင်္ဂလိပ်အစိုးရက ဘုရင်ဟောင်းကို အသုံးအစွဲလျှော့ပြီး ပင်စင်နဲဲ့ လောက်အောင်စားဖို့ တရစပ် တိုက်တွန်းခဲ့တယ် ၊ မရတဲ့အဆုံးမှာ သီပေါမင်းကို ရတနာတွေရောင်းချခွင့် ပိတ်ပင်ထားခဲ့တော့တယ် ။
ပင်စင်လစာ ဟာ အိမ်တော်ဝန်ထမ်းတွေကို ဆုတော်လာဘ်တော် ချီးမြင့်တာလောက်ပဲ ရှိတဲ့အတွက် သီပေါဘုရင်ဟာ သူပိုင်ရတနာတွေကို သူပြန် ခိုးရောင်းရရှာလေတော့တယ် ၊ ကုလားကုန်သည်တွေကတော့ ထန်းညှက်နဲ့ ပုရွတ်ဆိတ်အုပ် တွေ့သလို မတန်မဆ စျေးနှိမ်ပြီး ဝယ်ခဲ့ကြတယ် ။
ဒါပေမယ့် တော်ဝင်မိသားစုကတော့ မန်းလေးနန်းတော်ထဲက ထုံးစံတွေအတိုင်း ရတနာဂီရိမှာ ကျင့်သုံးတုန်း လတိုင်း အသပြာတွေ ကြဲတုန်း ၊ သီပေါဘုရင် အိပ်ယာထရင် ဌားထားတဲ့ ဘင်ခရာအဖွဲ့က တီးပေးရတယ် ၊ ကော်ဖီသောက်ချိန် ထမင်းစားချိန် စတဲဲ့ အချိန်တွေတိုင်း ဘင်ခရာအဖွဲ့က တီးပေးရတယ် ။
နှစ်တွေကြာလာတဲ့ အခါ တစတစ သီပေါဘုရင်မိသားစုမှာ ချေးငွေအကြွေး အဝတ်အထည်ကြွေး အိမ်တော်အတွက် သွင်းတဲ့ အသီးအရွက်ကြွေးတွေကအစ အကြွေးပေါင်းများစွာ တင်လာခဲ့တော့တယ် ။
အကြွေးတွေဟာ တစထက်တစများပြားလာတဲ့အတွက် အစိုးရက Thibaw Act လို့ခေါ်တဲ့ ဘုရင်ဟောင်းသီပေါ ဥပဒေကို ပြဋ္ဌာန်းပေးခဲ့ရပြီး ဥပဒေ အရ သီပေါဘုရင်ဟာ မည်သည့်အကြွေးကိုမျှ ပေးဆပ်စရာ မလိုတော့ပါဘူး ။
ဒါပေမဲ့ ယခင်တုန်းက ရွှေတွင်း ငွေတွင်း စိန်တွင်း ပတ္တမြားတွင်း ပယင်းဒုဋ္ဌာအဖြာဖြာတို့ရဲ့အရှင် နန်းကျဘုရင်ကတော့ ၊ ဒါဟာ သူရဲဲ့ကြီးမားတဲ့သိက္ခာတော်ကို ထိခိုက်စေတယ်လို့ ယူဆပြီး အကြွေးတွေကို တတ်နိုင်သမျှ ခွဲဝေဆပ်ခဲ့ပါသေးသတဲ့။
သမီးတော်တွေ အရွယ်ရောက်လာခဲ့တဲ့အခါ အင်္ဂလိပ်အစိုးရအနေနဲ့ အာဝါဟ ဝိဝါဟကိစ္စတွေကိုပါ ဖြေရှင်းပေးရမဲ့ အချိန်ရောက်လာတယ် ၊ အိန္ဒိယဘုရင်ခံအစိုးရဟာ မြန်မာနိုင်ငံက မင်းဆွေမင်းမျိုးတွေ စာရင်းကို ဗမာပြည်ဘုရင်ခံဆီက တောင်းယူပြီး သီပေါမင်းဆီကို တင်ပြပေမယ့် ၊ ဘုရင်ဟောင်းကတော့ စာရင်းပါလူတွေဟာ မဟာဆီမဟာသွေး အစစ်တွေမဟုတ်ပဲ သွေးနှောနေတဲ့ မင်းမျိုးနဲ့ အရပ်သားကပြားတွေဆိုပြီး သဘောတူလိုဟန် မပြခဲ့ဘူး ။
မင်းဆွေမင်းမျိုးစစ်စစ် တွေကတော့ သီပေါဘုရင် နန်းတက်ချိန်မှာ ၊ ခေါင်းကိုကတ္တီပါအိတ်စွပ် လည်မျိုကို တုတ်တိုနဲဲ့ အစုလိုက်အပြုံလိုက် ကွပ်မျက်ခံခဲ့ကြရတာ ဖြစ်တဲ့အတွက် ၊ မရှိသလောက် ရှားပါးသွားခဲ့ပါပြီ ၊ သူတို့ အကုန်လုံးဟာ သီပေါနဲ့စုဖုရားလတ်တို့ရဲ့ ဖအေတူ မအေကွဲ မင်းသားမင်းသမီးတွေချည်းပါပဲ ၊ တကယ်တော့ သီပေါမင်းနဲ့စုမိဖုရားဟာလည်း ဖအေတူ မအေကွဲ မောင်နှမရင်းတွေဖြစ်ပါတယ် ။
အချိန်ကြာလာတာနဲ့အမျှ ကြင်ယာတော်တွေ ရှာဖွေရတာ ခက်ခဲလာတဲ့အတွက် ၊ အင်္ဂလိပ်အစိုးရဟာ ဗမာတွေနဲဲ့ ဘာသာတူတွေဖြစ်တဲ့ ထိုင်း နဲ့ သီရိလင်္ကာက မင်းဆွေမင်းမျိုးတွေအထိ စဉ်းစားခဲ့ကြသေးတယ် ။
ဒါပေမယ့် သီပေါဘုရင်က သမီးတော်တွေ အိမ်ထောင်ရေးအပေါ် သိပ်စိတ်ဝင်စားဖော်မရခဲ့ဘူး ၊ သမီးတော်တွေဟာ သွေးနဲဲ့သားနဲ့ဖြစ်တာကို ဘုရင်အနေနဲ့ မေ့လျော့နေပုံရတယ် ။
တရက်သော မနက်မှာတော့ စံအိမ်တော်ဟာ ဆူညံပွက်သံတွေနဲ့ပွက်လောရိုက်သွားခဲ့တယ် ၊ တချိန်သောအခါက ရတနာပုံ နန်းတော် သီပေါဘုရင်မင်းမြတ်ရဲ့ သမီးဦး ၊ ရတနာပေါင်းများစွာနဲ့ မင်္ဂလာယူခဲ့သူ မြန်မာ့ထီးနန်း ရဲ့ မိဖုရားခေါင်အဖြစ် လျာထားခံခဲ့ရတဲ့ တပင်တိုင်မြနန်းရှင် မင်းသမီးဖြစ်တဲ့ ပထမသမီးတော်ဟာ ၊ စံအိမ်တော်မှာ အမှု့ထမ်းနေတဲ့ ဟိန္ဒူစတန်နီလူမျိုး တံခါးစောင့်တစ်ယောက်ရဲ့ တိတ်တိတ်ပုန်းကိုယ်ဝန်ရနေပြီ ဖြစ်လို့ပဲ ။
အဲ့တာထက် ပိုဆိုးတာက အဲဒီ တံခါးစောင့်မှာ တရားဝင်လက်ထပ်ထားတဲ့ ဟိန္ဒူလူမျိုး ဇနီးမယား ရှိနေတာပါပဲ ၊ တော်ဝင် နန်းကျမိသားစုဟာ မျက်နှာမဖော်ရဲအောင် အရှက်ကြီးစွာရခဲ့ပြီး ပထမသမီးတော်ကို ဝိုင်းပါယ်လိုက်ကြပါတော့တယ်။
ပထမသမီးတော် ဟာ သမီးမိန်းခလေးတယောက် မွေးဖွားလာခဲ့ပြီး တုတု လို့ အမည်တွင်ခဲ့ပါတယ် ။ မင်းသမီးနဲ့တံခါးစောင့် တို့ရဲ့သမီးဦး ၊ မြန်မာပြည်ရဲ့ နောက်ဆုံးဘုရင် ၊ အလောင်မင်းတရား ထူထောင်ခဲ့တဲ့ ကုန်းဘောင်မင်းဆက်ရဲ့ နောက်ဆုံးဘုရင် ၊ သီပေါမင်း ရဲ့ မြေးဦးဟာ တရားဝင်ဖခင်မရှိပဲ မွေးဖွားခဲ့တာလည်း ဖြစ်ပါတော့တယ် ။
ဒုတိယ သမီးတော်ဟာလည်း မြန်မာနိုင်ငံကနေ နန်းကျမိသားစုဆီ လာအမှု့ထမ်းတဲ့ ၊ ရွာစားမျိုးရိုး မင်းမျိုးမင်းနွယ်သွေး တမတ်သားလောက်သာပါတဲ့ ခင်မောင်လတ် နဲ့ မေတ္တာသက်ဝင်ခဲ့ပါတော့တယ် ။
ခင်မောင်လတ်က သီပေါမင်းရဲ့လက်စွဲတော်ပါ ၊ စုဖုရားလတ် သိတဲ့အခါမှာတော့ ကျွန်က သခင်ကို ဒီလိုကျုးလွန်ရမလားဆိုပြီး အကြီးအကျယ် မျက်မာန်ရှတဲ့အခါ ၊ ဒုတိယ သမီးတော်ဟာလည်း ခင်မောင်လတ်နဲဲ့ ခိုးပြေးခဲ့တဲ့အတွက် ၊ အင်္ဂလိပ်အစိုးရကပဲ ပိုက်ဆံစိုက်ထုတ် မင်္ဂလာဆောင်ပေးလိုက်ပါတယ် ။
ခင်မောင်လတ်ဟာ နောက်တော့ ဒို့ဗမာအစည်းအရုံး ဝင်ခဲ့ပြီး သခင်ဘွဲ့ခံခဲ့ကာ လတ်သခင် အဖြစ်နာမည် တွင်စေခဲ့ပါတယ် ၊ ဥပဓိရုပ်ကောင်းကောင်း နုတ်ခမ်းမွေးကို ဘေးတဖက်တချက် ကော့ပြန်နေအောင်ထောင်ထားတဲ့ လတ်သခင်ကို ၊ အစိုးရကတော့ ဒုတိယသမီးတော်ရဲဲ့ ပင်စင်ကို မက်လို့ယူတာလို့ စွပ်စွဲခဲ့ပြီး ၊ လတ်သခင်ကလည်း အင်္ဂလိပ်အစိုးရကို ကသိကအောက် အမြဲဖြစ်စေခဲ့သူပါ ။
လတ်သခင်နဲ့ဒုတိယသမီးတော် လင်မယားဟာ နီပေါနဲ့အိန္ဒိယနယ်စပ်က သာယာလှပတဲ့ တောင်ပေါ်မြို့လေးမှာ အခြေစိုက်ခဲ့ပါတယ် ၊ လတ်သခင်ရဲ့ဥပဓိရုပ်နဲ့ဒုတိယသမီးတော်ရဲ့ မင်းသမီးဂုဏ်ပေါင်းလိုက်တဲ့အခါ ၊ အဲ့ဒီဒေသခံတွေက ဗားမားရာဂျာ နဲ့မင်းသမီးလို့ ခေါ်ဝေါ်ခဲ့ကြပါတော့တယ် ။
လတ်သခင်ကလည်း တကယ်လို့သာ အင်္ဂလိပ်အစိုးရက ထီးနန်းပြန်လွှဲပေးလျှင် ၊ ယောက်ခထီး တော်သူ သီပေါဘုရင်က သူ့ကိုလွဲပြောင်းပေးမည် ဟု ပြောဖူးကြောင်း ၊ အစိုးရဧည့်ခံပွဲများမှာ နုတ်ခမ်းမွှေး တသသနဲ့ ပြောပြတတ်ပါသတဲ့ ၊ ဒါကြောင့် သူ့ကို ဗားမားရာဂျာ (ဗမာဘုရင်)လို့ သတ်မှတ်ခေါ်ဝေါ်ခံခဲ့ရကာ အဲ့ဒီနယ်တလွှားမှာ သိက္ခာရှိရှိနေထိုင်ခဲ့ပြီး ၊ ကလေးမရရှိခဲ့တဲ့အတွက် နီပေါကလေးငယ်တဦးကို မွေးစားခဲ့ကြပါတယ် ။
နန်းကျဘုရင် သီပေါမင်းကတော့ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ရောဂါပေါင်းစုံနီးပါး စွဲကပ်လာခဲ့ပြီး ရတနာဂီရိ စံအိမ်တော်မှာပဲ နတ်ရွာစံကံကုန်တော် မူခဲ့ပါလေတော့တယ် ။
သီပေါဘုရင်ဟာ နန်းစံသက်(၁၀)နှစ် မပြည့်ပေမယ့် ရတနာဂီရိအကျဉ်းသားအဖြစ် နှစ်(၃၀)နီးပါး နေထိုင်သွားခဲ့ရရှာပါတယ် ။
သီပေါမင်း စျာပနကို တော်ဝင်မိသားစုက ရတနာပုံနေပြည်တော်မှာ ကျင်းပချင်ပေမယ့် ၊ အင်္ဂလိပ်အစိုးရက တိုင်းပြည်ဆူပူမှာ စိုးရိမ်တဲ့အတွက် ရတနာဂီရိမှာပဲ အတင်းအကြပ်နီးပါး ပြုလုပ်စေခဲ့ပါတယ် ။
သီပေါဘုရင် ကွယ်လွန်ပြီးနောက်မှာ အမျိုးသမီးတွေပဲရှိတော့တဲ့ စံအိမ်တော်ဟာ ထိန်းသိမ်းရခက်လာပါတယ် ။ တခါက အရက်မူးလာတဲ့ အင်္ဂလိပ် ကော်လိပ်တော်အရာရှိက အိမ်တော်က ကုလားအမှု့ထမ်းများကို ၊ ကြိုက်တဲ့ သမီးတော်ကို သွားဆွဲခြေ ၊ ငါပေးစားမယ်လို့ မြောက်ပေးတဲ့အတွက် အမှု့ထမ်းများက တကယ်ဆွဲမယ်ဟန်ပြင်တဲ့အခါ မယ်တော်စုဖုရားလတ်ကိုယ်တိုင် ဓါးဝင့်ကာကွယ်ခဲ့ရပါတော့တယ်၊ အဲ့ဒီအရာရှိလည်း ပြစ်ဒါဏ်နဲ့ပြောင်းရွေ့ သွားခဲ့ရပါတယ် ။
ဒါပေမယ့် နန်းကျမိသားစုအနေနဲ့ အခွင့်အရေးတခုု အကြီးကြီးရခဲ့တာကတော့ မြန်မာနိုင်ငံကို ပြန်ခွင့်ရခဲ့တာပဲ ဖြစ်ပါတယ် ၊ တော်ဝင်မင်းသမီးသုံးပါးဟာ သူတို့အဘိုးအဘေးတွေ အုပ်ချုပ်ခဲ့တဲ့ မြန်မာပြည်ကို လုံးဝမရောက်ဖူးတဲ့အပြင် ရတနာပုံ ရွှေနန်းတော်ကြီးကိုပါ မမြင်ဖူးကြပါဘူး ၊ ဝမ်းနည်းစရာကောင်းတာက အင်္ဂလိပ်အစိုးရက ခြွင်းချက်သတ်မှတ် ပေးလိုက်တာက ၊ ရတနာပုံနေပြည်တော်ရှိရာ မန္တလေးမြို့တော်သို့ နန်းကျမိသားစု လုံးဝ(လုံးဝ)သွားခွင့်မရှိပါတဲ့ ခင်ဗျာ ။
တတိယသမီးတော်ကတော့ သူ့ထက်(၁၆)နှစ်လောက်ငယ်တဲ့ လတ်သခင်ရဲ့တူတော်စပ်သူ ၊ မင်းမျိုးသွေးများတဲ့ ထိပ်တင်ကိုယ်တော်ကြီးမင်းသားနဲဲ့ အကြောင်းပါခဲ့ပြီး ရန်ကုန်မှာအခြေချခဲ့ပေမယ့် ၊ မြောက်သားတော် က အိမ်ထောင်ရေး ဖောက်ပြန်တာကြောင့် ကွာရှင်းခဲ့ကာ ၊ နာမည်ကြီးရှေ့နေဦးမြဦးနဲ့ ထပ်မံအကြောင်းပါခဲ့ ပါသတဲ့။
မြန်မာပြည်လွတ်လပ်ရေးရခါစမှာ ရှမ်းစော်ဘွားကြီး စဝ်ရွှေသိုက်ဟာ သမ္မတကြီး ဖြစ်လာခဲ့ပါတယ် ။ နိုင်ငံတော်သမ္မတကြီး ကြွရောက်တဲ့ ဧည့်ခံပွဲတခုမှာ တတိယသမီးတော် နဲ့သမ္မတကြီးစဝ်ရွှေသိုက်ဆုံတော့ ဧည့်ခံပွဲ လူလည်ကောင်ကြီး မှာ စဝ်ရွှေသိုက်က တတိယသမီးတော်ကို နန်းတွင်းဓလေ့ထုံးစံအရ ပြားပြားဝပ် ကန်တော့ပါသတဲ့ ။
တတိယသမီးတော် အနေနဲ့ရှမ်းစော်ဘွားကြီးက ယခုချိန်အထိ ဗမာနန်းကျဘုရင်အပေါ်မှာ သစ္စာစောင့်သိလျှက်ရှိကြောင်း ပြသတာဟာ ဂုဏ်ယူဖွယ်ရာဖြစ်ခဲ့ပေမယ့် ၊ အဲ့ဒီအချိန်ကစပြီး ဘယ် အစိုးရပွဲလမ်းသဘင်ကိုမှ ထပ်မံဖိတ်ကြားခြင်း မခံခဲ့ရတော့ရှာပါဘူး ။
စတုတ္တသမီးတော်ဟာ စုဖုရားလတ်မိဖုရားကြီးနဲဲ့စိတ်ဓါတ်ခြင်း တူပြီး ထက်မြက်ပါသတဲ့ ၊ တမိသားစုလုံးမှာ အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာပြောတတ်တဲ့ တဦးတည်းသောသူပါပဲ ။
သီပေါဘုရင်ကွယ်လွန်ခါစက အိမ်တော်ကို အမြဲလာရောက်ကူညီနေခဲ့တဲ့ရဟန်းတပါးနဲ့ မေတ္တာသက်ဝင်ခဲ့ပြီး လူထွက်ကာ ထိမ်းမြားလက်ထပ်ခဲ့ကြပါတယ် ။
အံ့သြစရာကောင်းတာက စုဖုရားလတ်မိဖုရားကြီးက သမီးတော်နဲ့ ရဟန်းလူထွက်ကို သဘောတူခဲ့ပြီး ၊ ရဟန်းထွက် ဖြစ်သောကြောင့် လတ်သခင် နှင့် ထိပ်တင်ကိုယ်တော်ကြီးတို့လို ကျေးတော်မျိုး ကျွန်တော်မျိုးမဟုတ်လို့ပါတဲ့ ခင်ဗျား ။
နန်းကျမိသားစုဝင်များရဲဲ့ ပစ်ပယ်ခြင်းခံရတဲ့ ပထမသမီးတော်ဟာ သူ့သမီးငယ် တုတု ကို လက်ဆွဲပြီး ရန်ကုန်အထိ နန်းကျမိသားစုနဲ့ ပါလာခဲ့ပေမယ့် ၊ ရန်ကုန်မှာ မပျော်ပိုက်ပဲ ရတနာဂီရိကိုသာ သမီးငယ်နှင့်အတူ ပြန်ခွင့်ပြုပါရန် အင်္ဂလိပ်အစိုးရကို တင်ပြခဲ့ပါတယ် ၊ ဒါပေမယ့် အစိုးရက သဘောမတူခဲ့ပါဘူး ။
Post a Comment