အသက် ၂၀ နဲ့ ၃၀ ကြားဟာ စီးပွားရေးလုပ်ငန်းတစ်ခု စတင်ဖို့ ဘာကြောင့်အကောင်းဆုံးလဲ???
လူတိုင်းလိုလို တစ်ချိန်ချိန်မှာ စီးပွားရေးလုပ်ငန်းတစ်ခုခု စလုပ်ဖို့ စိတ်ကူးမိကြမှာပါ။ ဒီအတွေးဟာ ရေခဲမုန့်စားနေတဲ့ အချိန်ဖြစ်ဖြစ်၊ ရုပ်ြ်မင်သံကြားကြည့်နေတဲ့ အချိန်ဖြစ်ဖြစ် ဝင်လာတတ်ကြပါတယ်။
ဒါမှမဟုတ်ရင် ချမ်းသာကြွယ်ဝတဲ့ သန်းကြွယ်သူဌေးတွေ အကြောင်းကို မြင်ပြီးဖတ်ပြီးသွားရင်လည်း ဒီအတွေးဝင်လာတတ်ပြီး အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင်ချင်ကြပါတယ်။
ဒီအတွေးတွေ ဘယ်အချိန်မှာ ဝင်လာတာပဲဖြစ်ဖြစ် စီးပွားရေးလုပ်ငန်းတစ်ခုကို စလုပ်ဖို့ အကောင်းဆုံးအချိန်တစ်ခုတော့ ရှိပါတယ်။
ဒီအချိန်ဟာ အသက် ၂၀ နဲ့ ၃၀ ကြားအတွင်းမှာ ဖြစ်ပါတယ်။ ဒီအချိန်ဟာ စီးပွားရေးလုပ်ငန်း အသစ်တစ်ခုကို စလုပ်ဖို့ ဘာကြောင့် အကောင်းဆုံးဖြစ်ရသလဲဆိုတဲ့ အကြောင်းပြချက် ၅ ခု ရှိပါတယ်။
#၁။ ရေရှည်မှာ အမြတ်များများရနိုင်တယ်
သင့်အနေနဲ့ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို စလုပ်ပြီလို့ စဉ်းစားကြည့်ပါ။ အမြတ်အစွန်းတွေ ရနိုင်တယ်။ လုပ်ငန်းကလည်း တည်ငြိမ်မှု ရှိပြီး သင့်ကို လစဉ်ဝင်ငွေ ကောင်းကောင်းပေးနိုင်တယ် ဆိုပါစို့။
ဒီလိုအခြေအနေဖြစ်လာဖို့ သင့်အနေနဲ့ အချိန်အတိုင်းအတာတစ်ခုအထိ တည်ဆောက်ယူရမှာမို့လို့ သင့်အနေနဲ့ အမြတ်အစွန်း ရနိုင်သလောက် ရေရှည်ရယူချင်မှာ မဟုတ်လား။
ဒီလို အမြတ်အစွန်းကို ရေရှည်လိုချင်တယ်ဆိုရင် သင့်စီးပွားရေးလုပ်ငန်းကို စောစော စနိုင်လေ ကောင်းလေပါပဲ။ ဒါဟာ အကောင်းမြင်တဲ့ စိတ်နဲ့ ကြည့်တာဖြစ်ပေမယ့် ၂ ခါ ၃ ခါ ကြိုးစားရင် လက်တွေ့ ဖြစ်နိုင်တဲ့ ပန်းတိုင်တစ်ခုလည်း ဖြစ်ပါတယ်။
အဓိကကျတဲ့အချက်က သင့်အနေနဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို အချိန်ကြာကြာပေးပြီး တည်ဆောက်နိုင်လေ အချိန်ကြာကြာ အမြတ်အစွန်းရလေပါ။
#၂။ အခက်အခဲတွေကို ရင်ဆိုင်နိုင်တယ်။
အသစ်စတည်ထောင်တဲ့ စီးပွားရေးလုပ်ငန်းတွေအားလုံး အောင်မြင်မှာမဟုတ်တာတော့ သေချာပါတယ်။
သင့်အနေနဲ့ လက်တွေ့ကျဖို့လိုပြီး အချိန်နဲ့ ငွေကို တစ်ပြိုင်တည်း ရင်းနှီးမြုပ်နှံမှုရှိဖို့လည်း လိုအပ်ပါတယ်။ ဒါပဲလားဆိုတော့ မဟုတ်သေးပါဘူး။
သင့်ငွေကြေးရင်းနှီးမြုပ်နှံမှု အပြင် သင့်အနေနဲ့ အခြားအချိန်ပြည့်လုပ်နေတဲ့ အလုပ်တွေကိုပါ ရပ်ပစ်ရမှာမို့ ကြီးမားတဲ့ စွန့်စားမှုကို ပြုလုပ်ရမှာ သေချာပါတယ်။
ဒီလိုအခြေအနေတွေ ရှိတာမို့ အသက်ငယ်လေ ပထမ၊ ဒုတိယ၊ တတိယ စီးပွားရေးလုပ်ငန်း မအောင်မြင်ရင် နောက်ထပ် ထပ်ကြိုးစားဖို့ အချိန်ရှိလေပါပဲ။ သင်ရင်ဆိုင်ရတဲ့ အခက်အခဲကို ရင်ဆိုင်ဖို့နဲ့ မအောင်မြင်ခဲ့ရင် နလန်ပြန်ထူဖို့ အခွင့်အရေးရှိလေဖြစ်ပါတယ်။
၃။ ခွန်အားနဲ့ စိတ်တက်ကြွမှုပိုရှိတယ်။
စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်ဖို့ အချိန်၊ လူအင်အား၊ ငွေအင်အားများစွာလိုအပ်ပါတယ်။
လူငယ်တွေဟာ အသက်ကြီးသူတွေထက် ခွန်အားနဲ့ စိတ်တက်ကြွမှု ပိုရှိကြပါတယ်။
သင်ဟာ အသက်ကြီးလာရင် လူငယ်လို စိတ်တက်ကြွချင်ရင် တက်ကြွနေဦးမှာပါ။ ဒါပေမယ့် သေချာတော့ မပြောနိုင်ဘူးမဟုတ်လား။
အခုအချိန်မှာ "လုံးဝဖြစ်နိုင်တယ်" လို့ခံယူထားတဲ့ အရာဟာ နောင် ၁၀ နှစ်မှာ လုံးဝမဖြစ်နိုင်ဘူးဆိုပြီးပြောင်းလဲသွားနိုင်ပါတယ်။
သင်အခုချိန်မှာ ရဲရဲရင်ဆိုင်ရဲတဲ့ အလုပ်တွေဟာ နောင် ၁၀ နှစ်မှာ လုံးဝရှောင်ကြည်တဲ့ အလုပ်လည်း ဖြစ်နိုင်ပါတယ်။
နှစ်စဉ် သင့်ခွန်အားနဲ့ စိတ်တက်ကြွမှုဟာ ကျဆင်းလာမှာဖြစ်တဲ့အတွက် ငယ်ရွယ်စဉ်မှာ အကျိုးရှိရှိ အသုံးချနိုင်ဖို့ အရေးကြီးပါတယ်။
#၄။ အခြေအနေကိုလိုက်ပြီး ပြောင်းလဲနိုင်မှု
ငယ်ရွယ်တဲ့သူတွေဟာ အခြေအနေနဲ့ အချိန်အခါကိုလိုက်ပြီး ပြောင်းလဲနိုင်စွမ်းရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ စည်းမျဉ်းစည်းကမ်းတွေ၊ စံနှုန်းတွေနဲ့ လိုက်လျောညီထွေမှု ရှိအောင် အချိန်တိုအတွင်း ပြောင်းလဲနိုင်လို့ ဖြစ်ပါတယ်။
သင်ဟာ အသက် ၂၀ နဲ့ ၃၀ ကြားမှာ လျင်မြန်စွာပြောင်းလဲနေတဲ့ ပတ်ဝန်းကျင်နဲ့ နည်းပညာတွေကို အသားကျအောင် လျင်မြန်စွာ ပြောင်းလဲနိုင်ပါတယ်။
အသက်ကြီးလာရင်တော့ ပြောင်းလဲလာတဲ့ ဒီအရာတွေနဲ့ ကိုက်ညီအောင် ပြောင်းလဲနိုင်စွမ်းနည်းသွားတတ်ပါတယ်။
#၅။ အခြား လုပ်ငန်းတွေကို တစ်ချိန်တည်းမှာ လုပ်ဆောင်နိုင်တယ်။
စီးပွားရေးလုပ်ငန်းကို စတင်လုပ်ဆောင်သူ လူငယ်အများစုဟာ ဒီလို ရင်းနှီးမြုပ်နှံပြီး လုပ်ဆောင်ရတာကို ကြိုက်နှစ်သက်ပြီး အခြားစီးပွားရေးတွေကိုပါ ပူးတွဲလုပ်ဆောင်တတ်ကြပါတယ်။
ထူးခြားတာက လူငယ်တွေ စီးပွားရေးအသစ်တစ်ခု စတင်တဲ့အခါ အရင် တည်ထောင်ခဲ့တဲ့ လုပ်ငန်းတွေထက် ပိုပြီးကောင်းမွန်လာတတ်တာပါ။
ဒါက ဘာဖြစ်လို့လဲဆိုတော့ အရင်စီးပွားရေးလုပ်ငန်းမှာ ရရှိခဲ့တဲ့ အတွေ့အကြုံတွေ အသိပညာတွေကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ငန်းထဲက လူတွေနဲ့ ပိုပြီး ရင်းနှီးလာတဲ့အပြင် လူများစွာနဲ့ ထိတွေ့ဆက်ဆံရပြီး ဖြစ်တဲ့အတွက် ပြဿနာတွေ ရင်ဆိုင်လာရရင် ဖြေရှင်းဖို့ ပိုမိုလွယ်ကူစေမှာ ဖြစ်ပါတယ်။
သင်ဟာ အသက် ၂၀ နဲ့ ၃၀ ကြားဖြစ်ပြီး သင့်လက်ရှိအခြေအနေနဲ့ စတင်နိုင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင်ဖို့ စဉ်းစားနေတယ်ဆိုရင် သင့်အိပ်မက်ကို အကောင်အထည်ဖော်ပါ။
အိပ်မက်ဆိုတာ လက်တွေ့မပါရင် အိပ်မက်ပဲဖြစ်နေဦးမှာမို့ သင်စိတ်ပါဝင်စားတဲ့ စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး သုတေသနပြုလုပ်တာ၊ အကြံအဉာဏ်အသစ်တွေရလာအောင် ကြိုးစားတာ၊ သင့်ထက်အရင် စီးပွားရေးလုပ်ငန်းလုပ်နေတဲ့သူတွေနဲ့ တွေ့ဆုံးဆွေးနွေးပညာယူပြီး သင့်စီးပွားရေးလုပ်ငန်းကို လက်တွေ့အကောင်အထည်ဖော်လိုက်ပါ။
"လာမယ့် နှစ် ၂၀ မှာ သင်လုပ်ခဲ့တဲ့ အရာတွေထက် သင်မလုပ်ခဲ့တဲ့ အရာတွေအတွက် နောင်တရနေလိမ့်မယ်" လို့ မာခ့်တွိုင်းပြောခဲ့သလိုပါပဲ ငယ်ရွယ်နေစဉ်မှာ စီးပွားရေးလုပ်ငန်းတစ်ခုကို သင်စလုပ်ဖြစ်ခဲ့တယ်ဆိုရင် နောင်နှစ် ၂၀ မှာ သင်ဝမ်းသာနေပါလိမ့်မယ်။

Post a Comment