ကလေးတစ်ဦးရဲ့ အောင်မြင်မှုမှာ အရေးကြီးဆုံး အရာ
ဘားရက်အိုဘားမားသည်ငယ်စဉ်တောင်ကျေးကလေးဘဝကအခြားကလေးများကဲ့သို့ ပျော်ပျော်ရွှင်ရွှင်
နေခဲ့ရသည်။ သူ ၂ နှစ် အရွယ်တွင် အမေရိကန်နိုင်ငံ ကင်ဆက်ပြည်နယ် မွေးမိခင် စတင်လီ အန်းဒန်ဟမ် Stanley Ann Dunham နှင့် အာဖရိကတိုက် ကင်ညာနိုင်ငံဖွား ဖခင် ဘားရက်အိုဘားမားစီနီယာ Barack Obama Sr. တို့သည် ကွာရှင်းပြတ်စဲ ခဲ့ကြသည်။ ဘားရက် အသက် ၆ နှစ် အရွယ်တွင် သူ၏ မိခင်သည် အင်ဒိုနီးရှားနိုင်ငံသား တစ်ဦးနှင့် လက်ထပ်ခဲ့ပြန်သည်။ ဘားရက်တို့ မိသားစုသည် အမေရိကန်မှ အင်ဒိုနီးရှားသို့ ပြောင်း ရွှေ့နေထိုင်ခဲ့ကြသည်။ မိခင်သည် ဂျာကာတာမြို့ရှိ အမေရိကန်သံရုံးတွင် အင်္ဂလိပ်ဘာသာ သင်ကြားပေးခဲ့သည်။ မိခင်သည် သူမ၏ သားကလေး ဘားရက်ကို အာဖရိကတိုက်သား ဖခင်၏ အစဉ်အလာ ရိုးရာကို ဂုဏ်ယူရန်နှင့် ပထွေး၏ အင်ဒိုနီးရှား ယဉ်ကျေးမှုကိုပါ လေးစား ထိန်းသိမ်းရန် သင်ပေးခဲ့ သည်။ ထို့ပြင် ဟာဝိုင်ရီတွင် နေထိုင်ကြသော မိခင်ဘက်မှ အဘိုးအဘွားတို့၏ ဇာတိနယ်မြေ ကင်ဆက် ပြည်နယ်ကိုလည်း အစဉ် သတိရရန် မှာကြားခဲ့သည်။ မွေးရပ်မြေ အမေရိကန်နှင့် အစဉ်အမြဲ အဆက်အသွယ် ရှိစေရန် ဘာရက်ကို သူ၏ မိခင်သည် နေ့စဉ်နံနက် ၄ နာရီတွင် ထစေပြီး အဝေးသင် သင်တန်းများမှ အင်္ဂလိပ်စာနှင့် အခြား ဘာသာရပ်များကို သင်ကြားပေးခဲ့သည်။
ဘားရက်သည် စတုတ္ထတန်းတွင် အစိုးရကျောင်းသို့ ပြောင်းရွှေ့ တက်ရောက်ခဲ့သည်။ သူ အသက် ၉ နှစ် အရွယ် သို့ ရောက်ရှိသောအခါ အသားအရောင် ခွဲခြားရေး မဂ္ဂဇင်းတစ်ခုမှ အဖြစ်အပျက် ပုံပြင်ကို ဖတ်ရှုမိရာ စိတ်ထိခိုက်ခြင်းကို ခံစားရသလို သူ၏ စိတ်တွင် ရှုပ်ထွေးမှု ဖြစ်ခဲ့ရသည်။ နောက်ပိုင်းတွင် ဘားရက်သည် ယခုကဲ့သို့ ရေးသားခဲ့သည်။ “ယင်းဆောင်းပါးကို ဖတ်ရှုအပြီး ကျွန်တော်သည် ချုံခို တိုက်ခိုက်ခြင်းကို ခံလိုက်ရသလို စိတ်ဓာတ် ကြမ်းတမ်း ခဲ့ရသည်။” ထိုအချိန်က သူသည် နှုတ်မှ ဘာမှမပြောခဲ့သော်လည်း ယင်းဆောင်းပါးနှင့် တကွ နောက်ဆက်တွဲ စဉ်းစားမိသောမေးခွန်း တို့သည် သူ့အတွက် ဘယ်တော့မှ မေ့မရ နိုင်တော့ပေ။
ဘားရက် ပ ဉ္စမတန်း ရောက်ရှိသောအခါ သူ၏ မိခင်၏ ဒုတိယ အိမ်ထောင်သည် ပြိုကွဲပြန်သည်။ သူမ၏ ဒုတိယ အိမ်ထောင်နှင့် ပါရဂူဘွဲ့တို့ အင်ဒိုနီးရှားနိုင်ငံတွင် ပြီးဆုံးချိန်တွင် ဘားရက်ကို ဟာဝိုင်ရီရှိ အဘိုး အဘွားများထံသို့ ပို့ခဲ့ရသည်။ အဘိုးအဘွားများသည် ဘားရက်ကို အကောင်းဆုံး ပုဂ္ဂလိကကျောင်းတွင် ထားပေးခဲ့သည်။ အတန်းသူ အတန်းသားများသည် မူကြိုတန်း မှစပြီး အတူကျောင်းနေဘက်၊ ချမ်းသာ သော မိဘများ၏ သားသမီးများ ဖြစ်ကြသည်။ ဘားရက်သည် နောက်ထပ် ယဉ်ကျေးမှု အသိုင်းအဝိုင်း တစ်ခုတွင် သူ့ကိုယ်သူ အံဝင်အောင် ကြိုးပမ်းရပြန်သည်။ သူသည် ပျော်သလိုလို ခံစားရသော်လည်း သတ္တမတန်း အရောက်တွင် “ကလေးဆိုးကလေး” ဖြစ်လာခဲ့ရာ ဆရာ၊ ဆရာမ များကသူ့ကို ဘာလုပ်ရမှန်း မသိလောက် အောင် ဖြစ်လာခဲ့သည်။ အတန်းတူ ကျောင်းသားထဲမှ သူ့ကို အသားရောင် ခွဲခြား ပြောဆိုပါက သူ၏ လက်သီး ဒဏ် ခံကြရသည်။
အထက်တန်းကျောင်းတွင် ဘားရက်သည် ကျောင်းသားတိုင်းနှင့် သင့်မြတ်ခဲ့သည်။ နောက်ပိုင်း သူရေးသားခဲ့ သည်မှာ “ကျွန်တော်သည် လူဖြူနှင့် လူမည်း ကမ္ဘာနှစ်ခုတွင် ကူးချည်သန်းချည် ရေလိုက်ငါးလိုက် နေခဲ့ရင်း တစ်ခုစီတွင် ကိုယ်ပိုင် အပြောအဆို၊ အကျင့်စရိုက်နှင့် ခံယူသော အဓိပ္ပါယ်များ ရှိသည်ကို နားလည်ခဲ့ပြီး ကမ္ဘာနှစ်ခုသည် ကျွန်တော့်အတွက် တဖြည်းဖြည်း စုစည်းပေါင်းဆုံ လာတော့သည်။” သူသည် လူမည်း သူငယ်ချင်း များကို ရှာဖွေခဲ့သည်။ လူမည်း စာပေများ ဖတ်ရှုခဲ့သည်။ သူ၏ အဖြူအမည်း ကပြား အခြေအနေနှင့် ကိုက်ညီလာစေရန် မျှော်လင့်ခဲ့သည်။ သူသည် အဖြူအမည်း သူငယ်ချင်းများနှင့် ဘတ်စကတ်ဘော ကစားခြင်းဖြင့် စိတ်တွင် ပျော်ရွှင်မြူးတူးခဲ့သည်။
တဖြည်းဖြည်း ဘားရက်သည် သူ၏ အတွင်းစိတ်ရှုပ်ထွေးမှုနှင့် မကျေနပ်မှုတို့ တုံ့ပြန်သောအားဖြင့် ဆေးလိပ် သောက်ခြင်း၊ အရက်သေစာ သောက်စားခြင်းအပြင် မူးယစ်ဆေးပါ သုံးစွဲလာတတ်တော့သည်။ အထက်တန်း ကျောင်း နောက်ဆုံး ၂ နှစ်တွင် စာမေးပွဲများတွင် အမှတ်များ ထိုးကျလာခဲ့သည်။ နောက်ပိုင်း သူက ယခုလို ရေးသားခဲ့သည်။ “ကျွန်တော့်ကြောင့် မဟုတ်ဘဲ ခံစားမိသော မိမိကိုယ်မိမိ မကျေနပ်မှုများကို ဖြေဖျောက်ရန် ကျွန်တော်သည် မူးယစ်ဆေးဝါးဘက်သို့ ဦးတည်လာခဲ့မိသည်။” သူ၏ မိခင်သည် အင်ဒိုနီးရှားမှ သူ့ကို မကြာခဏ လာရောက် တွေ့ဆုံခဲ့သည်။ အထက်တန်းကျောင်း နောက်ဆုံးနှစ်တွင် သူ၏မိခင်သည် သူ့အရင်းနှီး ဆုံး သူငယ်ချင်းထဲမှတစ်ယောက် မူးယစ်ဆေးဝါးမှုဖြင့် အဖမ်းခံရသည်ကို အကြောင်းပြုပြီး သားငယ်ကို အကြီး အကျယ် ဆုံးမစကား ပြောဆိုတော့သည်။
ဘားရက်သည် သူ့အမေကို ခံမပြော။ ကာလီဖိုးနီးယားတွင် ရှိသော ကောလိပ်သို့ သွားရောက် ပညာသင်ကြား ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် ပညာကို ကောင်းစွာမကြိုးစား။ ကျောင်းတွင် လူထုအစည်းအဝေး တစ်ခုကို တက်မိရာက သူ့ကို တောင်အာဖရိက၏ အသားရောင် ခွဲခြားရေး မူဝါဒအကြောင်း ပြောကြားရန် တောင်းဆို သဖြင့် မိန့်ခွန်း ပြောကြား ခဲ့သည်။ ထိုအခါမှစပြီး သူသည် ဘဝသစ်ကို အစပျိုးရန် သန္နိဋ္ဌာန် ချခဲ့သည်။ ဘားရက် သည် အမေရိကန်နိုင်ငံ အနောက်ဘက်မှ အရှေ့ဘက်သို့ ရောက်ရှိလာခဲ့ပြီး နယူးယောက်မြို့ရှိ ကိုလံဘီယာ တက္ကသိုလ် တွင် ကျောင်းနေရန် စာရင်းသွင်းခဲ့သည်။ ဘားရက် အိုဘားမားသည် သူ၏ဘဝတွင် ပထမဆုံး အကြိမ် အဖြစ် ပညာကို ကြိုးကြိုးစားစား သင်ယူခဲ့တော့သည်။
၁၉၈၃ ခုနှစ်တွင် ဘွဲ့ရရှိခဲ့ပြီး စီးပွားရေး လုပ်ငန်းတစ်ခုတွင် လစာမြင့်မားသော အလုပ်ကို ရရှိခဲ့သော်လည်း သူသည် စိတ်ချမ်းမြေ့မှုနှင့် ကျေနပ်မှု မရှိသည်ကို ခံစားမိသည်။ အိုဘားမားသည် သူ့ဘဝတွင် ကွက်လပ် ဖြစ်နေသည့် ဟာကွက် ကို ဖြည့်ဆည်းပေးနိုင်မည့် အလုပ်အကိုင် မျိုးကို ရှာဖွေရန် ဆုံးဖြတ်ခဲ့သည်။ သူသည် အလုပ်အကိုင်ပေါင်း မြောက်များစွာ ထဲမှ သူနှင့် အံဝင်မည့် အလုပ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ယင်းအလုပ် မှာ ချီကာဂို မြို့တွင် တစ်နှစ်လျှင် ဒေါ်လာ ၁ဝဝဝဝ ရရှိသည့် လူထုစည်းရုံးရေး အလုပ် Community Organizer ပင် ဖြစ်တော့ သည်။ ဘားရက်သည် သူ့မိခင်နှင့် အဘိုးအဘွားများ၏ ဇာတိနယ်မြေ ဖြစ်သော အမေရိကန်နိုင်ငံ အနောက် အလယ်ပိုင်း သို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။ ဤဒေသတွင် အိုးအိမ်အသစ် ထူထောင်ပြီး သူ့ ဘဝကို အာရုံစူးစိုက်ခဲ့တော့သည်။
မြို့၏ အဆင်းရဲဆုံးသော ရပ်ကွက်များတွင်သုံးနှစ်ကြာ အလုပ်လုပ်ကိုင်စဉ် အဆင်းရဲဆုံး အတန်းအစား၏ မကျေနပ်မှုများ စိန်ခေါ်မှုများနှင့် ဥပဒေပိုင်းဆိုင်ရာ မတရားမှုများကို သိရှိနားလည် လာခဲ့သည်။ သူသည် တက္ကသိုလ်သို့ ပြန်လည် သွားရောက်ပြီး ဥပဒေဘွဲ့ယူကာ ချီကာဂိုမြို့သို့ ရှေ့နေတစ်ဦးအဖြစ် ပြန်လည် လာခဲ့ရန် ဆုံးဖြတ်ခဲ့သည်။ အိုဘားမားသည် ဟားဗတ်တက္ကသိုလ် ဥပဒေကျောင်း Harvard University’s Law School သို့ ပညာသင်ရန် လျှောက်ထားရာ တက္ကသိုလ် ဝင်ခွင့် ရရှိတော့သည်။ ဥပဒေဘွဲ့ ရရှိပြီး ရှေ့နေအဖြစ် ချီကာဂိုသို့ ပြန်လည် ရောက်လာသောအခါ ဒေသခံ အမျိုးသမီး ကလေး မီရှယ် ရော်ဘင်ဆင်နှင့် တွေ့ဆုံ နှစ်ခြိုက် ခဲ့ပြီး လက်ထပ်ခဲ့သည်။ မီရှယ် ရော်ဘင်ဆင် သည်လည်း ဟားဗတ် ဥပဒေဘွဲ့ ရရှိသူတစ်ဦးပင်။
လက်ထပ်အပြီး ဘားရက်အိုဘားမားသည် နိုင်ငံရေးနှင့် စာပေ သင်ကြားရေး နယ်ပယ်သို့ ဝင်ရောက်ခဲ့သည်။ ချီကာဂို တက္ကသိုလ် ဥပဒေကျောင်း University of Chicago Law School တွင် ၁၂နှစ်ကြာ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ Constitutional Law ကို သင်ကြားပေးခဲ့သည်။ သူသည် စာပေသင်ကြားခြင်းကို ကြိုက်နှစ်သက် သလို စာသင်ကောင်းသော ဆရာလည်း ဖြစ်ပေသည်။ အိုဘားမားသည် သူ၏ အတွေ့အကြုံနှင့် ပတ်သက်၍ ယခုလို ပြောကြား ခဲ့သည်။ “စာပေ သင်ကြားပေးခြင်းသည် လူကို ဖျတ်လတ်စေသည်။ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ သင်ကြားပေးခြင်း၏ ကောင်းသော အချက်တစ်ခုမှာ ခက်ခဲသော မေးခွန်းမှန်သမျှ အမေးခံရ သည်။ ဥပမာ၊ ကိုယ်ဝန်ဖျက်ချမှု၊ လိင်တူ ဆက်ဆံသူများ၏ အခွင့်အရေး အစရှိသော မေးခွန်းများတွင် သင်သည် အပြုသဘောဘက်မှရော ဆန့်ကျင်ဘက်မှရော ပြောဆိုနိုင်ရန် လိုအပ်ပေသည်။”
အိုဘားမားသည် ပြည်နယ် ဆီးနိတ်သို့ ရွေးချယ်ခြင်း ခံရသောအခါ သူစာပေ သင်ကြားပေးသော အတန်းများ ကို တနင်္လာနေ့ နံနက်များနှင့် သောကြာနေ့ ညနေများသို့ မလွှဲမရှောင်သာဘဲ ပြောင်းရွှေ့သင်ကြားပေးရတော့ သည်။ ယင်းကဲ့သို့သော နေ့နှင့်အချိန်များသည် မည်သည့် ဆရာ၊ ဆရာမကမှ ဖြည့်စွက်ယူ ပေးလိုသောနေ့နှင့် အချိန်များ မဟုတ်ပေ။ သို့ရာတွင် ပါမောက္ခ အိုဘားမား၏ အတန်းများသည် ကျောင်းသူ ကျောင်းသားများဖြင့် ပြည့်လျှံနေတတ် သည်။ ကျောင်းသားတစ်ဦးက ယခုကဲ့သို့ သတိတရပြောကြားခဲ့သည်။ “နံနက် မိုးလင်းတာနဲ့ အတန်းဟာ ကျောင်းသား အပြည့် ပါပဲ။” နောက်ထပ် ကျောင်းသား တစ်ဦးကလည်း ဤကဲ့သို့ ပြောပြသည်။ “သူဟာ တကယ် ထူးချွန်တဲ့ဆရာ တစ်ယောက်ပါ။ အလွန်သိမ်မွေ့တဲ့ ခေါင်းစဉ်တွေကို တစ်ဦးတည်း ပိုင်ပိုင် နိုင်နိုင် သင်ကြားပြသ နိုင်တယ်။”
တတိယတစ်ဦးက အိုဘားမား၏ အတန်းများနှင့် ပတ်သက်ပြီး အောက်ပါအတိုင်းသုံးသပ်ခဲ့သည်။
“သူဟာအတန်းထဲက ကျောင်းသားတိုင်းရဲ့ အသံကို ကြားချင်တတ်တယ်။ အကယ်၍ အထင်အမြင် တစ်ခုခု အပေါ်မှာ ဆွေးနွေး ပြောဆိုကြမှု သိပ်မရှိခဲ့ရင် သူကိုယ်တိုင် ဦးဆောင်ပြီး သူဘက်ကိုယ့်ဘက် အမြင်အမျိုးမျိုးနဲ့ အခြေအတင် ဆွေးနွေးပြတတ်တယ်။ သူဟာ အခြေအတင် ပြောခြင်း၊ စကားနပန်းထိုးခြင်းတို့ကို အားပေးတယ် ။ မိမိရဲ့ ယုံကြည်မှုကို လက်တွေ့ အကောင်အထည် ဖော်ရန် လိုအပ်တယ်။ ဒါမှ မိမိ လိုချင်တဲ့ အပြောင်းအလဲ ဆိုတာ ဖြစ်လာမယ်လို့ ပါမောက္ခ အိုဘားမားက ကျွန်တော့်တို့ကို သတိပေးဖူးပါတယ်။”ကျောင်းသားများ၏ အတော်ဆုံး ဆရာများစာရင်းတွင် ပါမောက္ခ အိုဘားမားသည် အမြဲတမ်း ပါဝင်လေသည်။ တက္ကသိုလ်များ၏ ဓလေ့ တစ်ခုမှာ အကယ်၍ ဆရာသည် ၁၅ မိနစ်ထက် နောက်ကျလျှင် ကျောင်းသူ ကျောင်းသား များ အတန်းမှ ထွက်သွားခွင့် ရှိသည်။ တစ်ခါတွင် ပါမောက္ခ အိုဘားမားသည် ၄၅ မိနစ် နောက် ကျသည်။ သို့သော် တစ်တန်းလုံးရှိ ကျောင်းသား အားလုံး သူ့ကို စိတ်ရှည်လက်ရှည် စောင့်နေခဲ့ကြသည်။ ဤကဲ့သို့ ဆရာအပေါ်တွင် ယုံကြည်မှု ပြသခံရသော ပါမောက္ခများဟာ အနည်းငယ်သာ ရှိပေသည်။
သမ္မတဖြစ်ရန် မဲဆွယ်ဟောပြောပွဲတစ်ခုတွင် အိုဘားမားသည် အောက်ပါအတိုင်း ပြောခဲ့သည်။
“ကလေးတစ်ဦးရဲ့ အောင်မြင်မှုတွင် မိဘ သို့မဟုတ် ဆရာက အဲဒီကလေးကို တစ်ချိန်ချိန်တွင် မင်းအောင် မြင်မယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်အောင် ပြောကြားပေးမှုဟာ အလွန် အရေးကြီးပါတယ်။ ကလေးတွေ စာသင်ခန်းထဲ ဝင်လာတဲ့ အခါမှာ သူတို့ရဲ့ ဘဝမှာ အောင်မြင်မှု ကို ဘာက အဆုံးအဖြတ်ပေးသလဲ ဆိုရင် သူတို့ရဲ့ အသားအရောင်၊ သူတို့လာခဲ့ တဲ့ဒေသ၊ သူတို့ရဲ့ မိဘနဲ့ သူတို့ရဲ့ ချမ်းသားဆင်းရဲမှုတွေ မဟုတ်ပါဘူး။ သူတို့ရဲ့ ဆရာဟာ ဘယ်သူလဲ ဆိုတာက အဓိက အဆုံးအဖြတ်ပဲ။ ဆရာဆိုတာဟာ လခနည်းနေပါစေ၊ အလွန်ခက်ခဲတဲ့ ကျောင်းဖြစ်ပါစေ၊ ကျောင်း သားတွေဟာ ဘယ်လိုဗီဇမျိုးပဲ ဖြစ်ပါစေ တောက်ပတဲ့ ကြယ်ပွင့် ကလေးတွေ ဖြစ်လာအောင် ကြိုးစားမယ်ဆိုတဲ့ စိတ်ဓာတ်မျိုး မွေး တတ်ကြတယ်”။
မောင်ပြည်အောင်(ဟားဗတ်တက္ကသိုလ်)၏ (အိုဘားမား၏ ပညာရေးခရီးလမ်း)

Post a Comment