၁၉၅၅ ခုနှစ် ရဲ့နေ့တနေ့မှာ အသက်၂၅နှစ် အရွယ်အမေရိကန်လူငယ်လေး Jim_Rohn (ဂျင်မ်)ကို
သူအလုပ်ပိုင်ရှင် အမေရိကန် မီလီယံနာသူဋ္ဌေးကြီး John_Earl_Shoaff_(ဂျွန်အားလ်ရှော့) က မေးခွန်းတခုမေးလိုက်ပါတယ်။
"ဂျင်မ် မင်းငါ့ကုမ္ပဏီမှာ အလုပ်လုပ်နေတာ ၆နှစ်ရှိသွားပြီ။ မင်းပိုက်ဆံ ဘယ်လောက်စုမိပြီလဲ" တဲ့။
ဂျင်မ်ကလဲ "သူဋ္ဌေးကြီးခင်ဗျား ကျနော်တပြားမှမစုမိပါဘူး။ ရတဲ့လခကလဲ ကျနော့်အသုံးစရိတ်ကာမိရုံပဲ ရှိပါတယ်။ လစာလေးနဲနဲတိုးလိုက် ကုန်စျေးနူန်းတက်လိုက်မို့ ဘာမှမကျန်လို့ မစုနိုင်တာပါ"လို့ရိုးရိုးသားသားလေးပဲဖြေလိုက်ပါတယ်။
လူငယ်လေးဂျင်မ်ဟာ အလုပ်ကိုအရမ်းကြိုးစားလုပ်ကိုင်တတ်သူတယောက်မို့ သူဋ္ဌေးကြီးက အလွန်သဘောကျတယ်။ သူဋ္ဌေးကြီးက ဆက်ပြောတယ်။ "မင်း ကြီးပွားချမ်းသာချင်သလား" တဲ့။
ဂျင်မ်ကလဲ "ဗျာ ချမ်းသာချင်တာပေါ့။ ချမ်းသာအောင် ဘယ်လိုလုပ်ရမှန်းမသိလို့ပါ"။
သူဋ္ဌေးကြီးက"မင်းအလုပ်လုပ်နေတာ၆နှစ်ရှိသွားလို့ ဘာမှလဲမစုမိဘူးမဟုတ်လား။ မင်း ဒီအတိုင်းဆက်လုပ်နေရင် နောက်၆နှစ်လဲ ဒီအတိုင်းဖြစ်နေမှာပဲ။ အဲဒီတော့ တကယ်ချမ်းသာချင်ရင် မင်းဘဝကိုပြောင်းလဲပစ်ရလိမ့်မယ်။ ပြောင်းလဲနိုင်မလား"တဲ့။
ဂျင်မ်က သူဋ္ဌေးကြီးကို ဘယ်လိုမျိုးပြောင်းလဲရမှာလဲလိုပြန့်မေးတော့ သူဋ္ဌေးကြီးက "မင်း အလုပ်မှာ ကြိုးစားတာထက် မင်းကိုယ်တိုင်အတွက်ပိုပြီး ကြိုးစားပါ"တဲ့။ သူဋ္ဌေးကြီးရဲ့အကြံပေးချက်ဟာ တိုတိုလေးပါ။ ဒါပေမယ့် အဲဒီစကားတိုတိုလေးဟာ ဂျင်မ်ရဲ့အသိအမြင်ကိုပွင့်သွားစေခဲ့ပါတယ်။ သူဋ္ဌေးကြီးပြောတဲ့အတိုင်း သူအတွက်ကြိုးစားလိုက်တာ ဂျင်မ်ဟာ အသက်၃၁နှစ်အရွယ်မှာ မီလီယံနာသူဋ္ဌေးတယောက်ဖြစ်သွားခဲ့ပါတယ်။ အဲဒီခေတ်က အမေရိကန်နိုင်ငံမှာ မီလီယံနာသူဋ္ဌေးဆိုတာ လက်ချိုးရေတွက်လို့ရလောက်အောင် အလွန်ကိုနည်းပါတယ်။
ဒီစာကိုဖတ်နေသူတွေအနေနဲ့ ဂျင်မ်ဟာ သူ့အတွက်ဘာတွေကြိုးစားခဲ့လို့ ၆နှစ် အတွင်းပိုက်ဆံတပြားမှမစုနိုင်တဲ့လူငယ်လေးကနေ မီလီယံနာသူဋ္ဌေးကြီးဖြစ်သွားရတာလဲလို့ သိချင်နေမှာပါ။
သူဋ္ဌေးကြီးရဲ့အကြံပေးစကားမကြားခင် ဂျင်မ်တယောက် ၆နှစ် တာကာလကို ဘယ်လိုကုန်ဆုံးခဲ့သလဲကြည့်ကြရအောင်။ ဂျင်မ်ဟာ အလုပ်ထဲမှာ အရမ်းကြိုးစားလုပ်တယ်။ အလုပ်မှာပင်ပန်းတယ်လို့သူ့ကိုယ်သူအကြောင်းပြပြီး အလုပ်ကပြန် အိမ်ရောက်ညစာစားပြီးတာနဲ့ သူငယ်ချင်းတွေနဲ့ကော်ဖီဆိုင်ပြီး ထွေရာလေးပါးစကားတွေလျှောက်ပြောကြတယ်။ ညမိုးကြီးချုပ်မှပြန်လာတယ်။ ပြန်ရောက်တာနဲ့အိပ်ယာထဲဝင်တယ်။ တခါတလေအပြင်မထွက်ဖြစ်ရင် အိမ်မှာဘီယာလေးနဲ့ငြိမ့်နေလေ့ရှိတယ်။ တခါတလေ တီဗွီထိုင်ကြည့်နေတယ်။ ညနက်ရောက်တော့ အိပ်ယာဝင်လိုက်တယ်။ သူ့မှာ ကြီးပွားချမ်းသာချင်စိတ်တော့ရှိတယ်။ တနေ့တော့ ကံကောင်းရင် ချမ်းသာလာမယ်လို့မျှော်လင့်နေတယ်။ သူမျော်လင့်နေတဲ့ကံကောင်းတဲ့နေ့ဆိုတာ ၆နှစ် သာကြာသွားတယ် ရောက်မလာပါဘူး။ သူ့ဘဝဟာ ဒုံရင်းပါပဲ။
သူဋ္ဌေးကြီးအကြံပေးချက်ကိုကြားပြီး နောက်တရက်ကစပြီး သူ့ကိုယ်သူပြောင်းလဲပစ်လိုက်တယ်။ ဘာတွေပြောင်းလဲလိုက်တာလဲ။ အလုပ်ကပြန်တာနဲ့ထမင်းစာပြီး သူငယ်ချင်းတွေနဲ့ကော်ဖီဆိုင်သွားမထိုင်တော့ဘူး။ အိမ်ကခပ်လှမ်းလှမ်းမှာရှိတဲ့ စာကြည့်တိုက်ကိုသွားတယ်။ စာကြည့်တိုက်ပိတ်တဲ့ ည၁၁နာရီထိ စာအုပ်တွေဖတ်တယ်။ ပရိသတ်ကိုစကားပြောနည်း ဖေါက်သည်တယောက်ကို စျေးဝယ်ချင်အောင် ဆွဲဆောင်နည်း စျေးကွက်ရှာဖွေခြင်း ငွေစာရင်းတွက်ချက်နည်း အစုရှယ်ယာအကြောင်းစတာတွေ အသဲအသန်ဖတ်ပြီးလေ့လာတော့တယ်။ သူဟာ ကောလိပ်တပိုင်းတစနဲ့ကျောင်းထွက်အလုပ်လုပ်လို့ ဘွဲ့တခုတောင်မရခဲ့ပါဘူး။
တနှစ်လောက် ရုံးဖွင့်ရက်ညတိုင်းနဲ့ ရုံးပိတ်ရက်ဆို တနေကုန်စာတွေဖတ်လိုက်တာ ကုမ္ပဏီကသူ့အရည်အချင်းတွေတက်လာတာကိုသဘောကျပြီး ရာထူးတိုးပေးတယ်။ နောက်ထပ်တနှစ်ကြာပြန်တော့ အရည်အချင်းတွေပိုတိုးတက်လာတာနဲ့အမျှ ရာထူးတိုးခံရ လစာအတိုးခံခဲ့ရပြန်တယ်။ နောက်နှစ်အနဲငယ်ကြာတော့ သူ အရည်အချင်းကိုသူယုံကြည်လို့ အလုပ်ကထွက်ပြီး ကိုယ်ပိုင်ကုမ္ပဏီထောင်တယ်။ လုပ်ငန်းအောင်မြင်လာလို့ ၆နှစ် အကြာ အသက်၃၁နှစ်နဲ့ငယ်ငယ်ရွယ်ရွယ်မှာပဲ မီလီယံနာသူဋ္ဌေးတယောက်ဖြစ်သွားတယ်။
ဂျင်မ်ဟာ မီလီယံနာသူဋ္ဌေးဖြစ်ပြီးနောက်ပိုင်းမှာ စီးပွားရေးမလုပ်တော့ပါဘူး။ ကြီးပွားချမ်းသာအောင်လုပ်နည်းနဲ့ပတ်သက်တဲ့ဟောပြောပွဲတွေမှာလိုက်ဟောပြောတယ်။ လူပေါင်းများစွာစျေးကြီးပေးပြီး သူ့ဟောပြောပွဲကိုတက်ရောက်နားထောင်ကြတယ်။ ဟောပြောခဝင်ငွေတွေအများကြီးရသလို အဲဒီခေတ်က အမေရိကန်နိုင်ငံမှာ အောင်မြင်ကြီးပွားရေးဟောပြောသူတွေထဲမှာ ထင်ရှားအကျော်ကြားဆုံးပုဂ္ဂိုလ်တယောက်ဖြစ်လာခဲ့ပါတယ်။
ဂျင်မ် ဘာလို့ ကြီးပွားချမ်းသာသွားတာလဲ။ အဖြေက...
၁။ သူ့မှာကြီးပွားချမ်းသာချင်တဲ့ပြင်းပြတဲ့စိတ်ဆန္ဒ(Burning_Desire)ရှိတယ်။
၂။ သူ့အနေအထိုင် အကျင့်စရိုက်တွေကို လုံးဝပြုပြင်ပြောင်းလဲလိုက်တယ်။
၃။ စာအုပ်တွေဖတ်တယ် လေ့လာတယ် ဖတ်ထားတာတွေကို အသုံးချတယ်။
၄။ အကြံကောင်းပေးတတ်တဲ့Earl_Shoaffနဲ့ဆုံတွေ့ခွင့်ရလိုက်တယ်။ ဒါကိုတော့ ကံကောင်းတယ်လို့ပြောရမလားပဲ။
Post a Comment